27 C
Yangon

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပရေး အင်အားပြည့် ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများကို ဖိတ်ခေါ်

Must read

ရန်ကုန်၊ မေ ၂၄

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို လာမည့် ဇွန်လ ၂၀ ရက် စနေနေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ဒီမိုကရေစီလိုလားသူများနှင့် တော်လှန်ရေးအင်အားစု ညီအစ်ကိုမောင်နှမများအားလုံး အင်အားအပြည့်ဖြင့် တက်ရောက်ဝန်းရံပေးကြရန် ပွဲစီစဉ်သူများက ဖိတ်ခေါ်တိုက်တွန်းထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့်အချိန်မှစ၍ ၅ နှစ်ကျော်ကာလတိုင်အောင် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ဖြစ်သည်။ ယနေ့ထက်တိုင်အောင် ၎င်းအား မိသားစုဝင်များနှင့် လူကိုယ်တိုင် တွေ့ဆုံခွင့် မပေးထားသည့်အပြင်၊ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်း ပြင်ပသို့ တိတိကျကျ ချပြခြင်းမရှိဘဲ လျှို့ဝှက်ပိတ်ပင်ထားဆဲ ဖြစ်သည်။

ထို့ကြောင့် ယခုကျင်းပမည့် မွေးနေ့အခမ်းအနားမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်းကို နိုင်ငံတကာခေါင်းဆောင်များနှင့် ကမ္ဘာ့အသိုက်အဝန်းရှေ့မှောက်တွင် ထင်ထင်ရှားရှား သက်သေပြသသွားမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီရရှိရေး အသံများကို ကမ္ဘာကြီးက ထပ်မံကြားသိစေရန်အတွက် နိုင်ငံတကာသို့ ပြတ်ပြတ်သားသား တောင်းဆိုတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မွေးနေ့လှုပ်ရှားမှုကို “လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူများကို ကမ္ဘာက မမေ့သေးကြောင်း ပြသကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပြည်ပရောက် တော်လှန်ရေးအင်အားစုများနှင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအနေဖြင့် တစ်ခဲနက် ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ထားသည်။

အဆိုပါ မွေးနေ့အခမ်းအနား ကျင်းပမည့် နေရာနှင့် အချိန်အပါအဝင် အသေးစိတ်အချက်အလက်များကိုမူ မကြာမီရက်ပိုင်းအတွင်း ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်၏ ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article