27 C
Yangon

ယင်းမာပင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာ ၂ ခုကို ဆက်တိုက်မီးရှို့ဖျက်ဆီးပြီး အလောင်းတော်ကဿပ လမ်းပိုင်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၊ မြိုင်တွင်လည်း စစ်တပ်က မရိုးကန်ရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ရွာ ၂ ခုကို ဆက်တိုက်မီးရှို့ဖျက်ဆီးပြီး အလောင်းတော်ကဿပ လမ်းပိုင်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တာဝရွာမြောက်ဘက်ရှိ တောတိုက်များကို လိုက်လံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် တာဝကျေးရွာမှ ကပိုင်-သီးကုန်းကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး သီးကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပန်းမထုံးရွာ ကိုမီးရှို့ပြီး ၂၂ ရက်နေ့က တာဝရွာဘက် စစ်ကြောင်းက ရောက်ရှိပြီး မနေ့ကမနက် တာဝရွာဘေးက တောတဲတွေကို မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာ ကပိုင်-သီးကုန်းရွာ ကို ဝင်ရောက်သွားကြောင်း သိရတယ်။ ကပိုင်ရွာ ဟာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သို့သွားရာ အဓိကလမ်းဆုံဖြစ်ပါတယ်။ အလောင်းတော်ကဿဖဘုရားသို့သွားရာ ပုလဲ-ယင်းမာပင်နယ်က လာတဲ့ လမ်းနှင့် မုံရွာကနေ ယာကြီး-ကလေးဝလမ်းမကြီးကတဆင့် လာသောလမ်း ဆုံမှာ တည်ရှိသော ကပိုင်ရွာက အချက်အချာကျသောနေရာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ယင်းမာပင်မြို့နယ်၊ သမင်သတ်ကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ယနေ့ မေလ ၂၄ ရက်နေ့တွင် သမင်သတ်ကျေးရွာမှ ကပိုင်-သီးကုန်းကျေးရွာ ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်သွားကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းထိုးလာသော ကျေးရွာများက ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး မြေပြင်တွင် စစ်ရေးတင်းမာနေကာ အလောင်းတော်ကဿပလမ်းပိုင်းကို ဆက်လက် စစ်ကြောင်းထိုးနိုင်၍ မေလ ၂၃ ရက်နေ့မှစတင်ကာ လမ်းပိုင်းကို လတ်တလော အသုံးမပြုကြရန် ဒေသတော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။

အလားတူ မေလ ၂၁ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ ပန်းမထုံကျေးရွာနှင့် အင်းသာကျေးရွာအတွင်းသို့ ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပန်းမထုံကျေးရွာ မြောက်ဘက်ပိုင်းရှိ ပြည်သူ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က မရိုးကန်ရွာကို မီးရှို့နေပြီး စက်မှု ၂ တွင်ရောက်ရှိနေသော စစ်တပ်ကလည်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၄ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မရိုးကန်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မရိုးကန်ရွာကို စစ်ခွေးတွေ မီးရှို့နေတာ ဟုတ်ပါတယ်။ ကျနော်တို့ နေအိမ် ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ အခုထိ စစ်ခွေးတွေက ရွာထဲမှာရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မေလ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း မြိုင်မြို့နယ် စက်မှု ၂ သို့ ရဟတ်ယာဉ် ၄ စီးဖြင့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် လက်နက်ခဲယမ်းပို့ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် စက်မှု ၂ အတွင်း စစ်သား အင်အား ၁၈၀ ကျော်ခန့်ရှိနေပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကင်းထောက် ဒရုန်းများလည်း ဆက်တိုက်ပျံဝဲနေကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မေလ ၂၄ ရက်နေ့တွင် စက်မှု ၂ မှ ထွက်လာပြီးနောက် မြိုင်မြို့ တောင်ဘက်ရှိ ကျေးရွာများကို ဝင်ရောက် မွှေနှောက်နေခြင်းကြောင့် ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် ညအချိန် မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article