ရန်ကုန်၊ မေ ၂၄
နေပြည်တော်တွင် ၂ ရက်တာ ပြုလုပ်ခဲ့သော ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် မကျေနပ်မှုများရှိသော်လည်း မင်းအောင်လှိုင်ကို မဆန့်ကျင်ရဲဘဲ စစ်တပ်နှင့်တစ်သားတည်း ရပ်တည်သော ပါတီအဖြစ် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်ကြကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့သော ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်များက ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ကျော်၍ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း၊ ပါတီမှ အမာခံ ဗဟိုအလုပ်အမှုဆောင်များကို နေရာမပေးခဲ့ခြင်းများအပေါ် မကျေနပ်မှုများရှိခဲ့ကြောင်း၊ ယင်းသို့ မကျေနပ်မှုများတွက် ပါတီဖွဲ့စည်းပုံကို ပြုပြင်ရန်နှင့် မူဝါဒများ သေချာ ချမှတ်ရန် အလွတ်သဘော ပြောဆို ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ သို့ရာတွင် လက်တွေ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင်မူ ယင်း သဘောထားများကို ထုတ်ဖော်မပြောရဲကြဘဲ စစ်တပ်နှင့် တစ်သားတည်း ဆက်လက်ရပ်တည်ရေးနှင့် ပါတီကို ပြင်ဆင်ဖွဲ့စည်းရေးကိုသာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
“ဒီရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့ ဖွဲ့စည်းတာအပေါ်မှာ ပါတီလူကြီးတွေက အလိုမကျတာတွေ ရှိလို့ အပြင်မှာ အလွတ်သဘောပြောကြပေမယ့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာတော့ ပြင်းပြင်းထန်ထန်ကြီး ဗိုလ်ချုပ်မှူးကြီးကို ဝေဖန်တာ၊ ကန့်ကွက်တာ မရှိပါဘူး။ ပါတီကို တပ်မတော်နဲ့အတူ ဆက်ပြီး ရပ်တည်မယ်၊ ပါတီဖွဲ့စည်းပုံ တချို့ပြင်ဖို့၊ လာမယ့် ရွေးကောက်ပွဲတွေမှာ ဆက်လက် အနိုင်ရဖို့ လုပ်ဆောင်ကြဖို့ ဆုံးဖြတ်ကြတယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရှင်းပြသည်။
မေလ ၂၁ ရက်နေ့ အစည်းအဝေးပထမနေ့တွင် ပါတီဥက္ကဋ္ဌ ခင်ရီက နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပမှ ဝိုင်းဝန်းဝေဖန်တိုက်ခိုက်နေသည့် အချိန်တွင် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူကို စည်းရုံးရန် တာဝန်ရှိကြောင်းနှင့် ၎င်းတို့၏ စည်းရုံးမှုများသည် မင်းအောင်လှိုင် အစိုးရကို ထောက်ပံ့ကူညီပေးရန်အတွက်သာ ဖြစ်ကြောင်း ပြောကြားကာ စစ်တပ်၏အကျိုးစီးပွားကို ကာကွယ်ရန် ဗဟိုပြုပြောဆိုခဲ့သည်။
ယင်းအပြင် ဥက္ကဋ္ဌ ခင်ရီက “မြန်မာနိုင်ငံရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီရှိရမည်” ဟူသော ရေရှည်ရည်မှန်းချက်နှင့် “လာမည့်ရွေးကောက်ပွဲများတွင် အနိုင်ရရှိရေး” ဟူသော ရေတိုရည်မှန်းချက်များအတွက် ပါတီတွင်း ပြန်လည်စုဖွဲ့မှုများကို စနစ်တကျ လုပ်ဆောင်ကြရန် ညွှန်ကြားခဲ့သည်။
ပါတီအတွင်းရေးမှူး သောင်းအေးက ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ထားကြောင်း တင်ပြခဲ့ကြပြီး ပါတီဗဟိုအလုပ်အမှုဆောင်များက လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ် ပါတီအနေဖြင့် ရှုမြင်ချက်များကို တင်ပြကြောင်း သိရှိရသည်။
ကြံ့ဖွတ်ပါတီခေါင်းဆောင်များက လက်ရှိ စစ်တပ်ဘက်တွင် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်ကြပြီး မကြာမီ ကျင်းပဖွယ်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း မဲဆန္ဒနယ်အပြည့်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကြံ့ဖွတ်ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပနေသည့်ဓာတ်ပုံတွင် မင်းအောင်လှိုင်၏ပုံကို AI ဖြင့် ထည့်သွင်းထားပါသည်။




