27 C
Yangon

ပုလောမြို့နယ်ရှိ ဖားကွင်းကျေးရွာ မူကြိုစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်၊ ရွှေဘိုနှင့် ကသာတို့တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မေ ၂၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ဖားကွင်းကျေးရွာ မူကြိုစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပုလောမြို့နယ်၊ ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှု အတွင်း ကျေးရွာအတွင်းရှိ မူကြိုစာသင်ကျောင်း ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိသောကြောင့် ကော်သူးလေအုပ်ချုပ်မှု နယ်မြေများအတွင်း နေထိုင်သော ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှု များစွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ချီပါရွာကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ညနေပိုင်းထိ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၃၀ မိနစ်မှ စတင်ပြီး ညနေ ၆ နာရီထိ အကြမ်းဖက် စစ်တပ်က ကသာမြို့နယ် အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ထိတွေ့ တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

“စစ်ခွေးတွေက ကသာမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကို ပြုလုပ်နေတာ မြေပြင်မှာ ထိတွေ့မှုရှိတယ်လို့လည်း သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article