ရန်ကုန်၊ မေ ၂၄
စစ်ကိုင်းတိုင်း၊ ကသာမြို့ နှင့် နဘားရွာအကြားရှိ ပင်းမလွတ်ရွာအနီးတွင် စစ်ကား ၃ စီးကို KIA တပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၄ ရက်နေ့တွင် ကသာမြို့နှင့် နဘားရွာ အကြားရှိ ပင်းမလွတ်ရွာ အနီးတွင် ကသာမြို့ဘက်မှ လာသော စစ်ကား ၃ စီးကို KIA တပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း စစ်သား ၁၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ညနေပိုင်းထိ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရှိရသည်။
“ဒီမနက်က ကသာနဲ့ နဘား အကြားမှာရှိတဲ့ ပင်းမလွတ်ရွာနားမှာ ကသာဘက်ကနေလာတဲ့ စစ်ခွေးကား ၃ စီးကို တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၃ ကောင်သေတယ်။ လက်နက် ခဲယမ်းတွေ စစ်အသုံးအဆောင်ပစ္စည်းတွေ အများအပြားသိမ်ဆည်းရရှိထားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ယနေ့ မေလ ၂၄ ရက်နေ့တွင်လည်း ကသာခရိုင် အမှတ် ၁ စစ်ဒေသကလည်း ကသာခရိုင်အတွင်း တိုက်ပွဲများပြင်းထန်နေသောကြောင့် ထီးချိုင့် ၊ ကသာ ၊ အင်းတော်-နဘား ၊ မော်လူး ၊ နန့်စီးအောင်လမ်းပိုင်းကို အသုံးပြုနေသော ခရီးသွား ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ချောဆွဲခြင်း၊ အရပ်သားကားများကို ပုံမှားရိုက်၍ စစ်လက်နက်ခဲယမ်းပို့ဆောင်နေခြင်းများ ပြုလုပ်နေသောကြောင့် လမ်းပိုင်း အသုံးမပြုကြရန်နှင့် ထိုလမ်းပိုင်းကြောင့် အများပြည်သူများထိခိုက်နစ်နာမည်ကို စိုးရိမ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့်လည်း ဒေသန္တရထုတ်ပြန်ချက်များကိုသိရှိပြီး လေးစာလိုက်နာပေးကြပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်။ မလိုက်နာခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို မိမိတို့ ကသာခရိုင်ကွပ်ကဲရေးရုံးအနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းနှင့် လမ်းပိုင်းပြန်ဖွင့်မည့်ရက်ကို ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ပကဖ ကလည်း အသိပေးပြောဆိုထားသည်





