28 C
Yangon

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ၊ ဒုစစ်ခေါင်းဆောင်ဟောင်း စိုးဝင်းကို မင်းအောင်လှိုင်က သာမန် ဝန်ကြီး တစ်ဦးအဖြစ်သာ ရာထူးအဆင့်နှင့် အဆောင်အယောင်သာ ပေးအပ်ပြီး အဆင့်လျှော့ချ

Must read

ရန်ကုန်၊ မေ ၂၅

မြန်မာ နိုင်ငံ၏ သမ္မတအဖြစ် အတင်းအကျပ် ရာထူးရယူထားသည့် အကြမ်းဖက် မင်းအောင်လှိုင်က ပြည် ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ အဖြစ် ဒုစစ်ခေါင်းဆောင်ဟောင်း စိုးဝင်းကို ခန့်အပ်ခဲ့သော်လည်း စိုးဝင်း၏ နေရာကို သာမန် ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ ရာထူးအဆင့်နှင့်အဆောင်အယောင်ကိုသာ ပေးအပ်ပြီး နိုင်ငံရေးအရ အဆင့်လျှော့ချထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင် လက်အောက်ခံ အမည်ခံ သမ္မတရုံးက ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအရ စိုးဝင်းဦးဆောင်နေသော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သာမန် ဝန်ကြီးဌာနတစ်ခုကဲ့သို့ အဆင့်အတန်း သတ်မှတ်ပြီး ဥက္ကဋ္ဌကိုလည်း ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ ရာထူးအဆင့်အတန်း၊ အဆောင်အယောင်၊ ခံစားခွင့်များ၊ ကောင်စီဝင်များကို ဒုဝန်ကြီးများ၏ ရာထူးအဆင့်အတန်း၊ အဆောင် အယောင်၊ ခံစားခွင့်များ ပေးအပ်ထားကြောင်း သိရှိရသည်။

“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် သတ်မှတ်တယ်။ အဲဒီသတ်မှတ်ချက်အရ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုနဲ့ တန်းတူဖြစ်တယ်။ ကောင်စီဥက္ကဋ္ဌက ဝန်ကြီးနဲ့ ရာထူးအဆင့်အတန်းတူ၊ လစာနှင့်အဆောင်အယောင်ခံစားခွင့်တူညီတယ်။ ကောင်စီဝင်တွေကတော့ ဒုဝန်ကြီးနဲ့ အဆင့်တူ သတ်မှတ်တယ်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးစိုးဝင်းရဲ့ နိုင်ငံရေးဩဇာနဲ့ အာဏာ လျှော့ချခံရတဲ့သဘောဖြစ်ပါတယ်။ သာမန်ဝန်ကြီးဌာနတစ်ခုနဲ့ တန်းတူ သတ်မှတ်ပြီး သာမန်ဝန်ကြီးတစ်ဦးအဖြစ် သတ်မှတ်မှုလည်းဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီသို့လည်း ဌာနဆိုင်ရာဝန်ထမ်း၊ ရုံးဝန်ထမ်းများ ပေးပို့ခဲ့သော်လည်း ဦးစီးဌာနများနှင့် ဌာနခွဲများ မပါဝင်သဖြင့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၏ ဖွဲ့စည်းပုံမှာ ဖြစ်သလို လျှော့ချ ဖွဲ့စည်းထားသည့်သဘောသက်ရောက်ကြောင်း သိရှိရသည်။

“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေက အင်မတန်ကို ကျယ်ပြန့်ပေမယ့် ဖွဲ့စည်းထားပုံကတော့ ရုံးလည်ပတ်ဖို့ ဖြစ်သလိုပဲ အနည်းဆုံး ဝန်ထမ်းအင်အားကိုပဲ ပေးထားတယ်။ ပြဋ္ဌာန်းထားတာက ကောင်စီအနေနဲ့ နိုင်ငံ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန် ဆိုတာပါတယ်။ အဲဒီကဏ္ဍတွေအတွက်က ဦးစီးဌာနနဲ့ ဌာနခွဲတွေ ရှိသင့်ပေမယ့်လည်း ရုံးအဖွဲ့ကို ဖွဲ့စည်းထားတာက အနည်းဆုံးအင်အားပဲ ပေးထားတာတွေ့ရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ယင်းအပြင် မေလ ၁၉ ရက်နေ့ နေပြည်တော်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲကို မေလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော်လည်းအဆိုပါ ရုံးဖွင့်ပွဲကို စစ်တပ်လက်အောက်ခံ ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီ သတင်းစာ အပါအဝင် ဝါဒဖြန့် သတင်းစာများ၊ MRTV ၊ MWD အပါအဝင် ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းများတွင် လုံး၀ ဖော်ပြခြင်းမပြုခဲ့ပေ။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွ် စိုးဝင်း အပါအဝင် ပုဂ္ဂိုလ် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌ အဖြစ် စိုးဝင်း၊ အတွင်းရေးမှူး အဖြစ် မောင်မောင်အေးကလည်းကောင်း၊ ကောင်စီဝင်များအဖြစ် သန်းဆွေ၊ ကိုကိုလှိုင်၊ မိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ချိုချိုကျော်ငြိမ်း (ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)၊ ကိုကိုကြီး (ပြည်သူ့ပါတီဥက္ကဋ္ဌ)၊ မန်းငြိမ်းမောင်၊ ဒွဲဘူနှင့် ဇော်အေးမောင်တို့ ပါဝင်ကြသည်။

ဓာတ်ပုံ- အေပီ။

Myanmar Earthquake
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article