ရန်ကုန်၊ မေ ၂၄
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာဥက္ကဋ္ဌ နေမင်းစိုးက ငလျင်ဘေးသင့်နေအိမ်များကို ထောက် ပံ့ကြေးမပေးဘဲ အိမ်မပြိုသည့်မိသားစုများထံသို့ လာဘ်ငွေယူ ထောက်ပံ့ကြေးပေးအပ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာအုပ်စုတွင် စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများကို စစ်တပ်က ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြောင်း၊ ထိုသို့ ပေးအပ်သော်လည်း သင်ပန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး နေမင်းစိုးက အမှန်တကယ် ဘေးသင့်သူများကို ထောက်ပံ့ကြေး မပေးဘဲ တမင်ချန်လှပ်ထားပြီး၊ အိမ်တစ်စုံတစ်ရာ ပြိုကျပျက်စီးခြင်းမရှိသည့် မိသားစုများထံမှ လာဘ်ငွေယူကာ မတန်မဆ ထောက်ပံ့မှုများ ပေးအပ်နေကြောင်း သိရှိရသည်။
အဆိုပါကျေးရွာအုပ်စုအတွင်း ငလျင်ကြောင့် နေအိမ်ပြိုကျ ပျက်စီးသွားသည့်အပြင် မိသားစုဝင်များပါ ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ကုသခဲ့ရသည့် စစ်မှန်သော ဘေးသင့်ပြည်သူများမှာ လက်ရှိထောက်ပံ့မှုစာရင်းတွင် လုံးဝကျန်ရစ်နေကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် လုံး၀ ထိခိုက်မှု မရှိသော နေအိမ်များနှင့် ခြံစည်းရိုး အုတ်တံတိုင်းသာ ပြိုကျခဲ့သူများကိုမူ ဥက္ကဋ္ဌ နေမင်းစိုးက ၂ ထပ်တိုက်အိမ်ပြိုကျသည်ဟု လိမ်လည်စာရင်းသွင်းကာ ထောက်ပံ့ကြေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြေပြင်တွင် ငလျင်ကြောင့် အမှန်တကယ် နစ်နာဆုံးရှုံးခဲ့ရသည့် သင်ပန်းကုန်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူတစ်ဦး “ကျမတို့အိမ်က ငလျင်လှုပ်တုန်းက အိမ်ပါပျက်စီးသွားတဲ့အပြင် အိမ်သားတွေပါ ဆေးရုံတက်ခဲ့ရတာ။ အခုအစိုးရက ထောက်ပံ့တော့ ကျွန်မတို့မိသားစု လုံးဝမပါဘူး။ မြေစိုက်အိမ်နဲ့နေတဲ့ သန်းကျော်ဌေး ကတော့ ၂ထပ်တိုက်အပြိုစာရင်းနဲ့ ထောက်ပံ့ကြေး သိန်းချီရတယ်။ ဒေါ်နုတို့ရဲ့ အိမ် ဆိုလည်း ငလျင်မှာ သဲတစ်မှုန့်တောင် မကျဘဲ ၂ ထပ်တိုက်အပြိုစာရင်းနဲ့ ထောက်ပံ့ကြေးရတယ်။ အစိုးရက အုတ်တံတိုင်းပြိုရင် မပေးဘူးလို့ သတ်မှတ်ထားပေမယ့် ဥက္ကဋ္ဌနဲ့ နီးစပ်တဲ့ ဒေါ်ကြည်၊ ဌေးကျော်၊ အေးသန္တဦးတို့ ကျတော့ အုတ်တံတိုင်းပဲပြိုတာကို ရကြတယ်။ ခရိုင်ထွေအုပ်ရုံးက ဒုဦးစီး မျိုးမင်းဦးအိမ်နဲ့ ကျေးလက်က မဝင်းမာအိမ်တွေဆို ဘာမှမဖြစ်ဘဲ ထောက်ပံ့ကြေးတွေ ရနေကြတာပါ”ဟု ပြောဆိုသည်။
ယခုငလျင်ဘေးသင့်သူများကို ထောက်ပံ့ရေးလုပ်ငန်းစဉ်တွင် ပေးအပ်သည့် ပစ္စည်းများနှင့် ငွေကြေးပမာဏမှာ ဘိလပ်မြေ အိတ် ၁၀၀၊ သွပ်ပြားများ၊ သံ ၂ တန်နှင့် ကာလတန်ဖိုး ငွေကျပ်သိန်းချီပါဝင်သဖြင့် ကျေးရွာဥက္ကဋ္ဌနေမင်းစိုးနှင့် ဝန်ထမ်းအချို့၊ ထွေအုပ်တာဝန်ရှိသူများ ပူးပေါင်းကာ စာရင်းဇယားလိမ်လည် ကိုယ်ကျိုးရှာနေကြခြင်း ဖြစ်သည်ဟု သိရှိရသည်။
ငလျင်ကြောင့် နစ်နာသူ ဘေးသင့်ပြည်သူများက ယခုကဲ့သို့ မတရားမှုများ၊မမျှတမှုများနှင့် ပတ်သက်၍ ကျေးရွာဥက္ကဋ္ဌ နေမင်းစိုးထံ သွားရောက်အရေးဆိုသော်လည်း ထွေအုပ်ရုံးသို့သာ လွှဲချခဲ့ကြောင်း၊ ကာယကံရှင် ပြည်သူများက မြို့နယ်ထွေအုပ်ရုံးသို့ သွားရောက်တိုင်ကြားရာတွင်လည်း ငလျင်ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို တာဝန်ယူကိုင်တွယ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်ဇော်ဌေးက လုံးဝတွေ့ဆုံခွင့်မပေးဘဲ ကျေးရွာဥက္ကဋ္ဌနေမင်းစိုးဘက်မှ အကာအကွယ်ပေးထားကြောင်း သိရှိရသည်။
“ဥက္ကဋ္ဌက စာရင်းထဲမပါလို့ ထွေအုပ်ရုံးသွားပြောဆိုလို့ သွားခဲ့တာ။ ထွေအုပ်ရုံးက ငလျင်ကိစ္စကိုင်တဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဌေးက လုံးဝအတွေ့မခံပါဘူး။ ‘တိုင်ချင်ရာတိုင်’ လို့ ပြောပြီးသားပါ။ တွေ့ခဲ့ရရင်လည်း မရတဲ့အပြင် အပြောအဆိုပါ ခံရပါတယ်”ဟု ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ရမည်းသင်းမြို့နယ်အတွင်းရှိ ငလျင်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်များမှာ ပြီးဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ ဥက္ကဋ္ဌ နေမင်းစိုး၏ အဂတိလိုက်စားမှုများကြောင့် အမှန်တကယ် ငလျင်ဘေးသင့် ဒုက္ခကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါးသူ ပြည်သူအစစ်အမှန်များမှာ အမိုးအကာမဲ့ဖြင့် စွန့်ပစ်ခြင်းခံထားရကြောင်း သိရှိရသည်




