ရန်ကုန်၊ မေ ၂၇
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်ရဲစခန်းများ၊ ပျူစောထီးကျေးရွာများနှင့် ဂိတ်များကို ရိက္ခာ ခဲယမ်းပို့ဆောင်မည့် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မေလ ၂၆ ရက်နေ့တွင် သတိပေးနှိုးဆော်ထားကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိချိန်တွင် မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်ရဲစခန်း၊ ပျူစောထီးရွာများနှင့် လုံခြုံရေးဂိတ်များတွင် ရိက္ခာနှင့် ခဲယမ်းများလျော့နည်းပြတ်လတ်နေသဖြင့် စစ်တပ် အထိုင်တပ်မများမှ ၎င်းတို့၏ လက်အောက်ခံနေရာများသို့ ရိက္ခာ၊ ဆေးဝါး၊ ခဲယမ်းများ ပို့ဆောင်ရန် စစ်ကြောင်းများ ထပ်မံအင်အားဖြည့်တင်းနေပြီး ရိက္ခာယာဉ်တန်းများသည်လည်း ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးရွာများသို့ ရောက်ရှိနေကြောင်း သိရသည်။
ထို့သို့ ရောက်ရှိနေသော ရိက္ခာတင်ယာဉ်တန်းများနှင့် စစ်ကြောင်းများသည် ၎င်းတို့ပို့ဆောင်ရမည့် နေရာ၊ ဌာန အသီးသီးသို့ ရောက်ရှိအောင် ပို့ဆောင်သွားမည်ဖြစ်၍ စစ်ကြောင်းများကိုလည်း ထပ်မံ၍ အင်အားဖြည့်ခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည်လည်း ၎င်း စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်နိုင်ရန် မိုင်းနှင့် အခြားတိုက်ခိုက်နိုင်သော လက်နက်ခဲယမ်းပစ္စည်းများကို အဆင်သင့် ကြိုတင်ပြင်ဆင်ထားရှိကြရန် လိုအပ်ကြောင်း အသိပေးထားသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာနိုင်၍ ကာကွယ်ရေးအဖွဲ့များအနေဖြင့် ၎င်းစစ်ကြောင်းများ လွယ်လင့်တကူနှင့် အလျင်အမြန် ဝင်ရောက်လာနိုင်ခြင်း မရှိစေရေးအတွက် အားနည်းချက်မရှိအောင် ကြိုတင်ပိတ်ဆို့ ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ သို့မှသာ မြို့နယ်အတွင်းရှိ ရဲစခန်းနှင့် ပျူစောထီးကျေးရွာများသို့ ရိက္ခာ၊ ဆေးဝါး၊ ခဲယမ်းများ ပို့ဆောင်မည့် စစ်ကောင်စီရဲဘော်များကို အထိနာအောင် တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ၎င်းတို့ဘက်မှ ကျဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားကာ ပို့ဆောင်မည့်ပစ္စည်းများ အဟန့်အတားဖြစ်ပြီး နှောင့်နှေးကြန့်ကြာသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြိုင်မြို့နယ်အတွင်းရှိ ဇုန်၊ တိုက်နယ်၊ ကျေးရွာများမှ တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နိုင်ရေး အချိန်မီ ကြိုတင်ပြင်ဆင်ထားရန်၊ သတင်းလက်ဦးမှုရရှိစေရေး အဖွဲ့အစည်းအသီးသီးနှင့် အချိတ်အဆက်မိမိ လုပ်ဆောင်ရန်၊ မိုင်းဖောက်ခွဲရန် လွယ်ကူသော ကျည်ကွယ်၊ မျက်ကွယ်နေရာများတွင် အသင့်နေရာယူထားကြရန်နှင့် အန္တရာယ်ကင်းစွာ တိုက်ခိုက်နိုင်ရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားကြရန် မြိုင် ပကဖ က ညွှန်ကြားထားသည်။
“အခု ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ မြို့နယ်တွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ရေးသတိရှိရှိနဲ့ အသင့်ပြင်ထားဖို့ နှိုးဆော်တဲ့ သဘောပါပဲ။ မြိုင်မြို့နယ်ထဲမှာ ရိက္ခာနဲ့ ခဲယမ်းပြတ်နေတဲ့ ပျူရွာတွေက အကုန်နီးပါး ပြတ်လတ်နေတာ။ အခုမှ စစ်ကောင်စီက စစ်ကြောင်းတွေနဲ့ ရိက္ခာလာပို့ဖို့ လုပ်နေတာ။ စက်မှု ၂ ဘက်က စစ်ကြောင်း ၁ ကြောင်းနဲ့ လင်းကတော ဘက်က ၁ ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းပါ။ လင်းကတော စစ်ကြောင်းကတော့ လက်ရှိ လှုပ်ရှားမှု သိပ်မရှိဘဲ ခြေလျင်လာတာ။ စက်မှု ၂ ဘက်က စစ်ကြောင်းကတော့ လက်ရှိ လမ်းမှာ ပျောက်နေတယ်။ ပျူရွာတွေအတွက် ရိက္ခာအချို့ကို လေယာဉ်နဲ့လည်း လာချပေးတာမျိုးတွေ ရှိပါတယ်” ဟု မြိုင်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းများနှင့် ရိက္ခာယာဉ်တန်းများ ရှေ့သို့ ဆက်မတိုးနိုင်ဘဲ အဟန့်အတားဖြစ်ကာ နှောင့်နှေးကြန့်ကြာစေရန်အတွက် မည်သည့် အခြေအနေမဆို တာဝန်ယူ၍ အသက်သေသည်အထိ နောက်မဆုတ်ခုခံရန် လိုအပ်မည်ဖြစ်ပြီး အသင့်ပြင်ဆင်ထားရန်နှင့် သေရဲတိုက်ရဲရန် အနီးကပ်ခေါင်းဆောင်မှ နှိုးဆော်ထားရန် အသိပေးထားကြောင်း၊ ထို့ပြင် မြေပြင်တွင် စစ်ရေးအခြေအနေ ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အမှတ် ၂ စက်မှုဇုန် (စက်မှု ၂) နှင့် မြိုင်မြို့ကြားရှိ လင်းကတော လမ်းပိုင်းကို သွားလာအသုံးပြုခြင်း မပြုလုပ်ဘဲ အရေးပေါ် ရှောင်ရှားကြကြိုတင်ပြင်ထားရန် သတိပေး နှိုးဆော်ထားသည်။




