26 C
Yangon

အုတ်ဖိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က အရပ်သားပြည်သူ ဦးအေးကြီးနှင့် ဦးဖိုးဇော်တို့ကို ပစ်သတ်ပြီး ငွေကျပ် ၃၅ သိန်းကို လုယက်ယူဆောင်

Must read

ရန်ကုန်၊ မေ ၂၈

ပဲခူတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ ဦးအေးကြီးနှင့် ဦးဖိုးဇော်တို့ကို ပစ်သတ်ပြီး ငွေကျပ် ၃၅ သိန်း ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့မှ စတင်ပြီး အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်ဖိုမြို့နယ်၊ ကျေးပျက်ရွာနှင့် စံပြရွာတို့တွင် စခန်းချပြီး ကျေးရွာများကို ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချကာ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကြို့ကိုးပင်ရွာ ၊ မအူတန်းရွာ ၊ ကိုင်းကြီးရွာ နှင့် ရှားစေးဘို တို့သို့ ကျရောက် ပေါက်ကွဲခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် အသက် ၆၄ နှစ်အရွယ် ချောင်းခွရွာသား ဦးခင်လွင် ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ကိုင်ကြီးကျေးရွာတွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူ ၃ ဦးကို လိုက်လံပစ်ခတ်ခဲ့ကာ အသက်၅၀ ကျော်အရွယ် ဦးအေးကြီးနှင့် အသက် ၄၀ ကျော်အရွယ် ကိုဖိုးဇော်တို့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့သည်။ အခြားစစ်ဘေးရှောင် ပြည်သူ ကိုကြည်လှိုင်သည်လည်း သေနတ်ကျည် ထိမှန်ခဲ့ကာသေချင်ယောင်ဆောင်၍ အလောင်းများကြားတွင် ဝပ်နေခဲ့သောကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့နောက် စစ်သားများက စစ်ဘေးရှောင်ပြည်သူများ ယူဆောင်လာသော ငွေကျပ် ၃၅ သိန်းကို ယူဆောင်သွားကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို PDF တပ်က ပစ်သတ်ဖြတ်သည်ဟု လိမ်လည်ဝါဒဖြန့်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“ပြည်သူတွေက စစ်ကြောင်း ပြန်လှည့်သွားပြီ အထင်နဲ့ ရွာထဲကို ပြန်လည်ဝင်ရောက်ကြည့်ရှု့နေတုန်း စစ်ခွေး ကင်းပုန်းနဲ့ ထိပ်တိုက်တိုးတာ ကိုအေးကြီး၊ ကိုဖိုးဇော်နဲ့ ကိုကြည်လှိုင်တို့ ၃ ဦးစလုံးကို စစ်ခွေးတွေက သေနတ်နဲ့ ပစ်ခတ်လို့ ကိုအေးကြီးနဲ့ ကိုဖိုးဇော်တို့ နေရာမှာတင် သေဆုံးတယ်။ သူတို့ ပါလာတဲ့ ငွေကျပ် ၃၅ သိန်းကို စစ်ခွေးတွေက ယူသွားတယ်။ ကိုကြည်လှိုင်ကတော့ သေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ သေချင်ယောင်ဆောင်ပြီး အလောင်းတွေ ကြားထဲ ဝပ်နေလို့ လွတ်မြောက်လာခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article