26 C
Yangon

ကိုးကန့်ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ဆန်းငြိမ်းအောင် (ခ) ရွှီလောက်ဖားနှင့်အဖွဲ့၏ အယူခံကို တရုတ်အဆင့်မြင့်တရားရုံးက ပယ်ချလိုက်ပြီး မူလချမှတ်ထားသော သေဒဏ်နှင့်နှစ်ရှည်ထောင်ဒဏ်များကို အတည်ပြု

Must read

ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် အခြေစိုက်ကာ တရုတ်နိုင်ငံသားများအား ပစ်မှတ်ထား၍ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် အွန်လိုင်းကျားဖြန့် ငွေလိမ်လည်မှုများ ကျူးလွန်ခဲ့သည့် ရွှီလောက် ဖား (Xu Faqi / Xu Laofa) ဦးဆောင်သော ရာဇဝတ်ဂိုဏ်းဝင် ၅ ဦးအပေါ် ချမှတ်ထားသည့် မူလပြစ်ဒဏ်များကို တရုတ်အဆင့်မြင့်တရားရုံးက မေလ ၂၈ ရက်နေ့ တွင် ထပ်မံအတည်ပြုလိုက်သည်ဟု တရုတ်အစိုးရသတင်းဌာနများက သတင်းဖော်ပြသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ၊ ချုံချင့်မြို့ အမှတ် ၅ ပြည်သူ့တရားရုံးက ကိုးကန့် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ဆန်းငြိမ်းအောင်(ခ) ရွှီလောက်ဖားကို ငွေလိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှု အပါအဝင် ပြစ်မှု ၆ ခုဖြင့် ဆိုင်းငံ့သေဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ကျန်ဂိုဏ်းဝင် ၄ ဦးကိုမူ ၎င်းတို့ကျူးလွန်သည့် ပြစ်မှုအခြေ အနေအပေါ် မူတည်၍ ထောင်ဒဏ် ၁၄ နှစ်မှသည် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းစီရင်ချက်အပေါ် တရားခံ ၃ ဦးက အယူခံဝင်ခဲ့သော်လည်း အဆင့်မြင့်တရားရုံးက အမှုတွဲကို ပြန်လည်သုံးသပ်ပြီးနောက် မူလစီရင်ချက်အတိုင်းသာ အတည်ပြုရန် ယနေ့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တရားရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါအမှုသည် ပြစ်မှုထင်ရှားပြီး သက်သေအထောက်အထား ခိုင်လုံခြင်း၊ ပြစ် ဒဏ်ချမှတ်မှု မျှတခြင်းနှင့် တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများ မှန်ကန်ခြင်းတို့ကြောင့် ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ ၂၀၁၉ ခုနှစ်မှစတင်၍ ရွှီလောက်ဖား ဦးဆောင်ပြီး လူယုကျွန်း (Luo Yujun) က လက် နက်ကိုင်ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် အဆိုပါကျားဖြန့်ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသရှိ ၎င်းတို့၏ဩဇာအာဏာကို အသုံးချကာ ဆက်သွယ်ရေးလိမ်လည်မှု (Scam) ဂိုဏ်းများနှင့် ပူး ပေါင်းခဲ့သည်။

ရွှီလောက်ဖားနှင့် ဂိုဏ်းက ကျားဖြန့် လိမ်လည်မှုလုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခဲ့ပြီး တရုတ်ယွမ်ငွေ ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆၂ သန်းခန့်) ကျော်အထိ မတရားရယူခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွှီလောက်ဖား၏အဖွဲ့သည် အဆိုပါလိမ်လည်မှုလုပ်ငန်းများအတွက် လက်နက်ကိုင်အကာအကွယ်ပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ခိုင်းစေမှုကို မနာခံသည့် လုပ်ငန်းတွင်းရှိသူများအား ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ရွှီလောက်ဖားသည် လိမ်လည်မှုများအပြင် မှောင်ခိုမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများတွင်လည်း ပါဝင်ပတ်သက်နေကြောင်း တရားရုံးက ဖော်ထုတ်နိုင်ခဲ့သည်။

တရုတ်အာဏာပိုင်များက မကြာသေးမီနှစ်များအတွင်း အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သည့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

တရုတ်အစိုးရ၏ မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ဆက် သွယ်ရေးလိမ်လည်မှုဖြင့် လူပေါင်း ၆၉,၀၀၀ ခန့်ကို တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံအခြေ စိုက် လိမ်လည်မှုဂိုဏ်းချုပ် မိသားစုများနှင့် ဆက်နွှယ်သူ တရားခံ ၁၆ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article