ရန်ကုန်၊ မေ ၂၈
အကြမ်းဖက်စစ်တပ်က လူငယ်များကို စစ်သားအဖြစ် စုဆောင်းကာ မူးယစ်ဆေးကျွေး၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး- CNF ၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတိပေးလိုက်သည်။
စစ်တပ်က အပြစ်မဲ့လူငယ်များကို စစ်သားအဖြစ် အဓမ္မစုဆောင်းကာ မူးယစ်ဆေးဝါးများ ကျွေး၍ ရှေ့တန်းတိုက်ပွဲများတွင် အသေခံ ထိုးကျွေးနေပြီး ပြည်သူလူထုအချင်းချင်းကြား “အိမ်ကြက်ချင်းခွပ်ခိုင်းသည့်” လုပ်ရပ်ကို လုပ်ဆောင်နေခြင်းကြောင့် မိဘပြည်သူများနှင့် လူငယ်များအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်အတွင်း ပါဝင်မသွားဘဲ သတိပြု နေထိုင်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက တိုက်တွန်းနှိုးဆော်လိုက်သည်။
ယနေ့ မေလ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ဆလိုင်းထက်နီက ယခုကဲ့သို့ ထည့်သွင်းပြောဆိုကာ မိဘပြည်သူများ ပါးပါးနပ်နပ်ဖြင့် နေထိုင်ပြုမူကြရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ “ကိုယ့်ကလေးတွေအတွက် ဘယ်လိုနေထိုင်ရမယ်။ ဘယ်လိုလှုပ်ရှားရမယ်ဆိုတာ အထူးဂရုစိုက်ကြဖို့ မှာချင်ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်သားသမီး၊ ကိုယ့်ပြည်သူ ကြားမှာ အိမ်ကြက်ချင်း ခွပ်ခိုင်းတဲ့ ငါးကြင်းဆီနဲ့ ငါကြင်းကြော်တဲ့ လုပ်ရပ်ကို အကြမ်းဖက်စစ်တပ်က လုပ်နေတာဖြစ်တယ်၊ လူငယ်တွေကို အနာဂတ်မဲ့အောင် လုပ်နေတဲ့ အနေအထားဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လှည့်ကွက်ထဲကို ပါမသွားဖို့က မိဘပြည်သူတွေအားလုံး ပါးပါးနပ်နပ်နဲ့ နေထိုင်ပြုမူကြဖို့ အလေးအနက် တိုက်တွန်းချင်တယ်။”ဟု ပြောဆိုသည်။
လက်ရှိ တိုက်ပွဲများအတွင်း CNF အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်တပ်ဘက်မှ စစ်သုံ့ပန်းလူငယ်များစွာ ရှိနေပြီး အဆိုပါလူငယ်များမှာ စစ်တပ်၏ မူးယစ်ဆေးဝါးများ တိုက်ကျွေးကာ ရှေ့ဆုံးမှ အသေခံထိုးကျွေးထားခြင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိရကြောင်း ၎င်းက ရှင်းပြသည်။
ထို့ပြင် အဆိုပါ လူငယ်များမှာ စနစ်တကျ လေ့ကျင့်ထားသည့် စစ်သားများ မဟုတ်ကြဘဲ “ပစ” ဟု ပြည်သူ့စစ် ကိုယ်ပိုင်နံပါတ်များ ပေး၍ စစ်တပ်က အသုံးချနေခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။
“ဒီကလေးတွေကို သူတို့က ပြည်သူ့စစ်ဆိုပြီးတော့ ကိုယ်ပိုင်နံပါတ် ပစ ဆိုပြီး ပေးထားတယ်၊ တကယ်တော့ လေ့ကျင့်ထားတဲ့ စစ်သားလည်း မဟုတ်ကြဘူး။ သူတို့ရဲ့ အနာဂတ် အင်မတန်မှ စိုးရိမ်စရာရှိတယ်။ ဒါပေမယ့် အဲဒါတွေကို သူတို့က ရပ်မှာမဟုတ်ဘူး။ အကြမ်းဖက်စစ်တပ်က ဆက်ပြီးတော့ လုပ်နေမယ့် အနေအထားမှာရှိတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် ကတည်းက အဲလိုနည်းနဲ့ အင်အားတည်ဆောက်ထားတာ အားလုံးအသိ ဖြစ်ပါတယ်။ လူငယ်တွေကို ရင်းပြီးတော့ အသေခံခိုင်းနေတာက လက်တွေ့ဖြစ်ပါတယ်။ အင်မတန်မှ ရက်စက်ကြသလို အင်မတန်မှ ဒီကလေးတွေအတွက် ရင်နာစရာ ကောင်းပါတယ်။”ဟု ဆလိုင်းထက်နီက ဆက်လက်ရှင်းပြသည်။
လတ်တလော ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည့် လူငယ်များ၏ ထိခိုက် ကျဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထု သိရှိနိုင်စေရန်အတွက် မကြာမီအချိန်အတွင်း တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု CNF ဘက်က ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ တစ်ကိုယ်ရေ လုံခြုံရေးသာမကဘဲ သားသမီးများ၏ ရှေ့ရေးနှင့် အနာဂတ်ကို သေချာစွာ ထည့်တွက်စဉ်းစားကြရန်၊ စစ်ကောင်စီ၏ ဖိနှိပ်မှုများမှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးနှင့် တော်လှန်ရေး အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရေးအတွက် တတ်နိုင်သည့် ကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးကြပါရန် ချင်းအမျိုးသားတပ်ဦး (CNF) က ဆက်လက် တိုက်တွန်းနှိုးဆော်ထားသည်။




