26 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်

Must read

ရန်ကုန်၊ မေ ၂၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

ဧပြီလ ၁၀ ရက်နေ့ မိမိကိုယ်ကို သမ္မတအဖြစ် တင်မြှောက်ပြီး ရာထူးရယူထားသော အကြမ်းဖက် မင်းအောင် လှိုင်က လာမည့် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့ အထိ အိန္ဒိယနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရှိရသည်။

မူလအစီအစဉ်အရ အကြမ်းဖက် မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် International Big Cat Alliance (IBCA) Summitအစည်းအဝေးသို့ တက်ရောက်ရန် ဖြစ်သော်လည်း ယင်းအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်သဖြင့် အဆိုပါ အစည်းအဝေးတက်ရောက်မည့် ခရီးစဉ်အဖြစ်မှ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်သို့ ပြောင်းလဲသတ်မှတ်ကာ ဆက်လက်သွားရောက်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို အိန္ဒိယရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြကြမည်ဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံး (Embassy of Myanmar)ရှေ့တွင်လည်း ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရက်စက်စွာ သတ်ဖြတ်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ကန့်ကွက်ရန်အတွက် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ အသံထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီတန်ဖိုးများကို ဆက်လက်ထိန်းသိမ်းပြီး အိမ်နီးချင်းနိုင်ငံများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဆန္ဒပြပွဲကာလအတွင်း အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ် တကျ ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Burma House-New Delhi က သတင်းထုတ်ပြန်ထား သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အပေါ် မြန်မာပြည်သူ လူထုက များစွာစိုးရိမ်ပူပန်မိပြီး ကန့်ကွက်ကြောင်း ဖော်ပြထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဝဏ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က မေလ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ထံသို့ ပေးပို့ခဲ့သည်။

အဆိုပါ ကန့်ကွက်သဝဏ်လွှာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းခံရချိန်မှစတင်ကာ ရေရှည်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ကြီးမားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုက္ခဝေဒနာများကို ခံစားနေရကြောင်း၊ ယင်းကဲ့သို့သော အခြေအနေများတွင် စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးသည်ဟု ရှုမြင်နိုင်သည့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ကြောင်း ကန့်ကွက်ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article