ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့သို့ စစ်ကူပေးရန်တက်လာသည့် စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ကား ၃ စီး မီးလောင်ပျက်စီးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၂၇ ရက်နေ့မှစ၍ အင်းတော်မြို့ဘက်မှ မော်လူးမြို့ဘက်သို့ စစ်ကူပေးရန် တက်လာသော စစ်ကြောင်းများကို မော်လူးမြို့အထွက် စီပိန်းရွာအနီးတွင် လည်းကောင်း၊ နဘားလမ်းဆုံအနီးတွင် လည်းကောင်း KIA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ များပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဂျက်ဖိုက်တာ ၃ စင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေ ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲများအတွင်း မော်လူးမြို့အထွက် စီပိန်းရွာအနီးတိုက်ပွဲတွင် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး စစ်ကား ၃ စီးမီးလောင်ပျက်စီးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထား ကြောင်း သိရသည်။
“ဒီနေ့ရောဆိုရင် ၃ ရက်ရှိပြီ တိုက်ပွဲပြင်းထန်နေတာ၊ အင်းတော်ဘက်ကနေ မော်လူးမြို့ထဲကို စစ်ကူ ပေးဖို့ တက်လာတဲ့ စခတွေကို ဆော်နေတာ၊ စီပိန်းဘက်မှာတစ်ပွဲဖြစ်တယ်။ နဘားလမ်းဆုံဘက်မှာ လည်း တစ်ပွဲဖြစ်တယ်။ စီပိန်းဘက်မှာက အရင်နေ့တွေက လက်နက်တွေလည်းရတယ်။ ကား ၃ စီး လည်းမီးလောင်တယ်။ အသေ ၁၅ ယောက်ရထားတယ်လို့ သိရတယ်။ဒီနေ့တော့ အသေ၊ အရှင် မရ သေးဘူးလို့ သိရတယ်။” ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
မော်လူးမြို့အတွင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကိုလည်း KIA နှင့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ငတ်ပြတ်နေသော စစ်သားများက ပြည်သူများ၏ ကုန်စုံဆိုင်များ၊ နေအိမ်များကို ဖောက်ထွင်းခိုးယူလျက်ရှိကြောင်း သိရသည်။
“မော်လူးမြို့က အကုန်မသိမ်းမိသေးဘူး။ မြို့ထဲတော့ ပြန်ဝင်နိုင်ပါပြီ၊ စစ်တပ်ဘက်က အရပ်သား ကားတွေနဲ့ စစ်ကူအင်အား တောက်လျှောက်ပို့နေတာပါ၊ စစ်ကားက နည်းနည်းပဲပါတယ်။ အရပ်သား ကားတွေများတာ။ လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံးထားတာရှိတယ်။ ကျ နော်တို့ တော်လှန်ရေးဘက်က ရဲဘော် တွေဘေးကင်းပါတယ်” ဟုတော်လှန်ရေးစစ်ရေးသတင်းရင်း မြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား ကသာ၊ အင်းတော်ကြီး၊ မော်လူး၊ ဗန်းမော်၊ အင်းတော် အပါအဝင် စစ်ကိုင်းနှင့်ကချင်ပြည်နယ်အစပ်များတွင် တောက်လျှောက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ- ယခု မေလ ဒုတိယအပတ်အတွင်း ထီးချိုင့်-ကသာလမ်းတွင စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကား ၁ စီး မီးလောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




