ရန်ကုန်၊ မေ ၂၉
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်ခေါင်းဆောင် အောင် တင်ဝင်းတို့အဖွဲ့သည် ဒေသခံပြည်သူများကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးပြီး ငွေကြေးအမြောက်အမြား အတင်းအဓမ္မ တောင်းခံငွေညှစ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သတင်းရရှိသည်။
မေလ ၂၇ ရက်နေ့ နတ်တလင်းမြို့နယ် ပျူစောထီး(ခ) ပြည်သူ့စစ်ခေါင်းဆောင် အောင်တင်ဝင်းနှင့်အဖွဲ့သည် ဆိုင်ကယ် ၁၀ စီးဖြင့် တောင်ညို့မြို့သစ်အတွင်းသို့ လှည့်ကင်းလှည့်သည်ဟုဆိုကာ ရောက်ရှိလာပြီးနောက်၊ လယ်ယာလုပ် ငန်းခွင်မှ ပြန်လာသည့် အောင်သာယာ ၄ လမ်းတွင် နေထိုင်သူ ကိုဝင်းမြင့် နှင့် အောင် သာယာ ၁၁ လမ်းတွင် နေထိုင်သူ ကိုကံအေး ၂ ဦးကို ဖမ်းဆီးခဲ့ကြကြောင်း၊ ၎င်းနောက် နတ်တလင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ စစ်တပ်အခြေ စိုက်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသင်္ည။
ယင်းသို့ ပြည်သူ ၂ ဦးကို သိမ်ကုန်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်မှ ဗိုလ်မှူး အောင်မျိုးသန့်နှင့် ပြည်သူ့စစ်ခေါင်းဆောင် အောင်တင်ဝင်းတို့ ချိတ်ဆက်ကာ ငွေညှစ်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော ကိုကံအေးထံမှ ငွေကျပ် သိန်း ၇၀ ကျပ် တိတိ တောင်းကာ ညတွင်းချင်းပင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဖမ်းဆီးထားသော စစ်တပ်ဘက်တော်သား ကိုဝင်းမြင့်ကိုလည်း ငွေကျပ် သိန်း ၄၀ ပေးဆောင်မှသာ ပြန်လွှတ်ပေးမည်ဟု စစ်တပ်က တောင်းခံခဲ့ကြောင်း၊ ယင်းသို့ တောင်းခံနေစဉ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ (ပြည်) သို့ သတင်းပေါက်ကြားသွားခဲ့သဖြင့် စစ်တပ်ဘက်တော်သား ကိုဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ရကြောင်း၊ သို့ရာတွင် လက်ရှိအချိန်အထိ ဖုန်းဆက်ကာ ငွေကြေးများ စစ်တပ်က် ဆက်တိုက်ထပ်မံ တောင်းခံလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မေလ ၂၈ ရက်နေ့တွင်လည်း နတ်တလင်းမြို့နယ်၊ သခွပ်ကုန်းကျေးရွာတွင် နေထိုင်သည့် ကိုမြင့်နိုင် ဆိုသူကို PDF အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး၊ ခံဝန်လက်မှတ်ရေးထိုးခိုင်းကာ ငွေကျပ် ၃၅ သိန်းတိတိကို ထပ်မံတောင်းခံ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် နတ်တလင်းမြို့နယ် လုံခြုံရေးအအတွက် တပ်မ ၆၆ ဒုတပ်မမှူး ဗိုလ်မှူးကြီး နေထူးလှိုင်က တာဝန်ယူထားပြီး စစ်တပ်လက်အောက်ခံ ဗိုလ်မှူး အောင်မျိုးသန့်နှင့် ပြည် သူ့စစ်ခေါင်းဆောင် အောင်တင်ဝင်းတို့၏ ပြည်သူများအပေါ် မတရားဖမ်းဆီး ငွေညှစ်နေသည့် လုပ်ရပ်များကို တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ တမင် မသိကျိုးကျွံပြုကာ လွှတ်ထားပေးကြောင်း သိရှိရသည်။
အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်တွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် မောင်ထက်ဇေယျာမင်း ပျောက်ဆုံးနေပြီး အဆက် အသွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိုးညှင်းမြို့ နောင်စွန်းရပ် ကွက်၌ နေထိုင်သော အ သက် ၁၄ နှစ်အရွယ် မောင်ထက်ဇေယျာမင်းသည် နေအိမ်အပြင် ထွက်ခွာလာစဉ် သူငယ်ချင်းဖြစ်သူက ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် လက်ရှိချိန်ထိ အဆက်သွယ်မရဘဲ ပျောက် ဆုံးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ နာရီပေါင်းများစွာ ပျောက်ဆုံးနေပြီး အိမ်သို့ ပြန်ရောက်လာခြင်းမရှိကြောင့် မိသားစုဝင်များက အသက်အန္တရာယ်နှင့် ပေါ်တာဆွဲဖမ်းဆီးခံရမည်ကို အထူးစိုးရိမ်ပူပန်နေကြပြီး မိုးညှင်းမြို့နေ ပြည်သူများအနေဖြင့် အပြာရောင် အကျီ ဝတ်ဆင်ထားသော အသက် ၁၄ နှစ်အရွယ် မောင်ထက်ဇေယျာမင်းကိုတွေ့ရှိပါက မိသားစုထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးရန် မေတ္တာ ရပ်ခံထားကြောင်း သိရသည်။
“မောင်ထက်ဇေယျာမင်း ပျောက်ဆုံးနေတာ ဟုတ်ပါတယ်။ ဘာသတင်းမှ မရသေးပါဘူး” ဟု မိသား စုဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။
မိုးညှင်းမြို့နယ်တွင်လည်း စစ်တပ်နှင့်ပြည်သူ့စစ်များက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း ၊ လူငယ်များ မကြာခဏဆိုသလို ပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ- မိုးညှင်းတွင် ပျောက်ဆုံးနေသော အသက် ၁၄ နှစ်အရွယ် မောင်ထက်ဇေယျာမင်း။




