ရန်ကုန်၊ မေ ၂၉
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မေလ ၂၇ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ သပြေသာကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်သည် အနီးနားရှိ ကုလကျေးရွာဘက်ကို ဒရုန်းများဖြင့် ဗုံး ၁၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲတိုက်ခိုက်မှုအတွင်း ကုလကျေးရွာအတွင်းရှိ အမျိုးသမီးများ အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၆ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ မေလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုလကျေးရွာများအနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ထပ်မံ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“မေလ ၂၇ ရက်နေ့က ငါန်းလွန်အုပ်စု၊ သပြေသာရွာကို ရောက်နေတဲ့ စစ်ခွေးစစ်ကြောင်းက ကုလရွာကို ဒရုန်းနဲ့ ဗုံးချတာမှာ ပြည်သူတွေ အနည်းဆုံး ၈ ဦးလောက် ထိခိုက်ဒဏ်ရာရပြီး ရွာထဲက နေအိမ် ၆ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်။ ဒဏ်ရာရတာကတော့ အမျိုးသားရော အမျိုးသမီးတွေရော ပါတယ်၊ ကလေးသူငယ်တွေတော့ မပါဘူး။ အသက်အရွယ်တွေကတော့ အတိအကျမသိရသေးဘူး။ ဒီနေ့လည်း ငါန်းလွန်အုပ်စုဘက်က သပြေသာရွာဘက်ကို ရောက်နေတဲ့ခွေးတွေက ကုလရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေတော့ ကြားနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် အင်အား ၂၀၀ ခန့်ဖြင့် ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းများ တပ်ဖြန့်ထားပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ၍ စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
“လက်ရှိမှာလည်း စစ်ခွေးစစ်ကြောင်းက အဲဒီနားမှာပဲ ရှိနေသေးတယ်။ ခွေးအင်အားကတော့ လာတုန်းကတော့ ၂၀၀ လောက်ရှိတယ် အတိအကျတော့ မသိရဘူး။ စစ်ကြောင်းဖြန့်ပြီး သွားကြတာ သူတို့က ရုံးတွေရှိတဲ့ဘက် သူတို့အတွက် အားသာတဲ့ဘက်ကို သွားကြတာ ကားတွေ သွားလာတာမျိုးတွေလည်း ရှိတယ်” ဟု ဒေသခံပြည်သူက ဆက်လက်ပြောဆိုသည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်သင်္ဘောက လက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တောင်မော်ဦးရေတပ်စခန်းအောက်ဘက် သံဇစ်မြစ်ကမ်းတွင်ရှိသော စစ်သင်္ဘောက ကျောက်ဖြူမြို့နယ် ကံပြင်ရွာအတွင်းကို လက်နက်ကြီးကျည် ၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးကျည်များသည် ပေါက်ပြင်ကျေးရွာအတွင်းရှိ ဦးရဲထွန်းနိုင်၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းနေအိမ်တွင် စစ်ဘေးတိမ်းရှောင်နေထိုင်နေသော ကိုမိုးထက်ပိုင်သည် ဘယ်ဘက်နားထင်တွင် လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဦးရဲထွန်းနိုင်၏ နေအိမ်အပါအဝင် ပေါက်ပြင်ကျေးရွာရှိ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျောက်ဖြူမြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ မြို့၊ ရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိပြီး နေအိမ်များလည်း မီးလောင်ပျက်စီး ဆုံးရှုံးမှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ – ပုလဲမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကိုစစ်တပ်က လေယာဉ်ဖြင့် ညအချိန် မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




