27 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်ကို ဖိတ်ကြားသည့် အိန္ဒိယခရီးစဉ် တရုတ်ကို တန်ပြန်ရန် ရည်ရွယ်ပုံရပြီး နယ်စပ်လုံခြုံရေးနှင့် မြေရှားသတ္တုကိစ္စများ ဆွေးနွေးမည်ဟုဆို

Must read

ရန်ကုန်၊ မေ ၃၀

အကြမ်းဖက် မင်းအောင်လှိုင်ကို အိန္ဒိယသို့ ဖိတ်ကြားသည့် ခရီးစဉ်မှာ အိန္ဒိယအနေဖြင့် တရုတ်ကို တန်ပြန်ရန် ရည်ရွယ်ချက်ရှိပုံရပြီး နယ်စပ်လုံခြုံရေးနှင့် မြေရှားသတ္တုကိစ္စများ ဆွေးနွေးမည်ဖြစ် ကြောင်း ရိုက်တာသတင်းဌာန အပါအဝင် နိုင်ငံတကာသတင်းဌာနများက သုံးသပ်ရေးသားကြသည်။

အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတရာထူးကို အတင်းအကျပ်ရယူပြီး ၂ လ မပြည့်ခင်မှာပင် ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး နိုင်ငံ တကာ၏ ဖယ်ကျဉ်မှု ခံနေရသော မင်းအောင်လှိုင်အတွက် ပထမဆုံးသော အရပ်သားပုံစံအဖြစ် ပြည်ပခရီးစဉ် ဖြစ်သည်။

အိန္ဒိယနိုင်ငံအတွက်မူ ယခုခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးထားသည့် တရုတ်နိုင်ငံ၏ ဩဇာအာဏာကို လျှော့ချရန်၊ အရေးပါသည့် မြေရှားသတ္တု (Rare Earths) များ ရရှိနိုင်ရေး ဆောင်ရွက်ရန်နှင့် ၎င်းတို့၏ အရှေ့မြောက်ဘက်နယ်စပ်တစ်လျှောက် လုံခြုံရေးကို မြှင့်တင်ရန် အခွင့်အရေးတစ်ခုဟု သုံးသပ်ကြသည်။

International Crisis Group မှ မြန်မာ့အရေးဆိုင်ရာ အဆင့်မြင့်အကြံပေး ရစ်ချတ်ဟော်ဆေး (Richard Horsey) က “သမ္မတအဖြစ် အရပ်ဘက်အဝတ်အစား လဲလိုက်ပြီးတဲ့နောက် မင်းအောင်လှိုင်ဟာ ဒေသတွင်း သံတမန်ရေးရာ ထိတွေ့မှုကို မြှင့်တင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်” ဟု ရိုက်တာသတင်းဌာနထံသို့ သုံးသပ်ပြောဆိုထားသည်။ု

မင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံနှင့် အခြားအဖွဲ့ဝင်အချို့၏ ပံ့ပိုးမှုဖြင့် အာဆီယံ (ASEAN) အဖွဲ့နှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန် မျှော်လင့်နေသလို၊ မကြာမီအချိန်အတွင်း ဘေဂျင်းမြို့သို့သွားရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန်လည်း ရှိနေကြောင်း၊ အိန္ဒိယသည် မြန်မာ၏ အခြားအရေးပါသော အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီရ် ဂျေဆွာလ် (Randhir Jaiswal) ကလည်း သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားရာ၌ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးကဏ္ဍ အားလုံးကို ယခုဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြုထားသည်။

မြန်မာနိုင်ငံတွင်း ပြီးခဲ့သည့်နှစ်က ကြုံတွေ့ခဲ့ရသည့် ပြင်းထန်သော ငလျင်ဘေးအန္တရာယ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဒေသတွင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရစေကာ သံတမန်ရေးရာ လမ်းစပွင့်စေခဲ့ပြီး၊ ဝေဖန်မှုများစွာရှိခဲ့သည့် ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ၎င်း၏ နိုင်ငံတကာအသိအမှတ်ပြုမှုကို ပိုမိုရရှိရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

မြန်မာစစ်တပ်က တရုတ်၏ ရေရှည်ထောက်ပံ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိထားသော်လည်း၊ မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယသို့ သွားရောက်ခြင်းမှာ တရုတ်နိုင်ငံ၏ နက်ရှိုင်းလှသော လွှမ်းမိုးမှုကို တစ်ဖက်တစ်လမ်းမှ ပြန်လည်တန်ပြန်ရန် (သို့မဟုတ်) ဟန်ချက်ညီစေရန် လုပ်ဆောင်ခြင်းဖြစ် ကြောင်း အိန္ဒိယသံအမတ်ဟောင်း ဂေါတမ မူခိုပါဓယာ (Gautam Mukhopadhaya) က သုံးသပ်ထားသည်။

လက်ရှိတွင် မြန်မာစစ်တပ်သည် မြေရှားသတ္တုများ ထွက်ရှိရာ နယ်စပ်ဒေသများနှင့် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့သို့ သွားရောက်ရာ အဓိကကုန်သွယ်ရေးလမ်းကြောင်းများတွင် ထိုးစစ်ဆင်မှုများကို ပြန်လည်လုပ်ဆောင်နေသည်။

ထို့ကြောင့် ရစ်ချတ်ဟော်ဆေး၏ အဆိုအရ မင်းအောင်လှိုင်အနေဖြင့် အိန္ဒိယနှင့် နယ်စပ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် အာရက္ခတပ်တော် (AA) နှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်နိုင်ရေးအတွက် အိန္ဒိယထံမှ စစ်ရေးအရ အကူအညီတောင်းခံရန် သေချာသလောက်ရှိနေသည်ဟု ဆိုသည်။

အိန္ဒိယဘက်ကမူ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများနှင့် မြေရှားသတ္တုများကို ရရှိရန် အထူးစိတ်ဝင်စားနေပြီး၊ သံအမတ်ဟောင်း မူခိုပါဓယာက “အိန္ဒိယဘက်က ဒီခရီးစဉ်ကနေ လိုချင်တဲ့ အဓိကအချက်ကတော့ ကုန်ကြမ်းတွေ၊ မြေရှားသတ္တုတွေနဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစစ်တပ်ဘက်ကလည်း သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို အားကောင်းစေချင်တဲ့အတွက် အလိုရှိနေတဲ့ အချက် ဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ နိုင်ငံအတွင်း ပြည်တွင်းစစ်မီး တောက်လောင်စေခဲ့မှုကို အိန္ဒိယအနေဖြင့် လက်ပိုက်ကြည့်ခဲ့ရပြီးနောက်၊ ယခုအခါတွင် ရွေးချယ်စရာ လမ်းကြောင်းမရှိတော့ဘဲ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရသည့် အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု StratNews Global က သုံးသပ်ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းနှင့် အရုဏာချာပရာဒေ့ရှ် အစရှိသည့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် လက်နက်မှောင်ခိုမှုနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများ အပါအဝင် သူပုန်အဖွဲ့များ၏ လှုပ်ရှားမှုများ သိသိသာသာ မြင့်တက်လာခဲ့သောကြောင့် ဖြစ်သည်။

ထို့အပြင် ယင်းပဋိပက္ခများသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒ (Act East Policy) နှင့် အရှေ့တောင်အာရှဒေသတွင်း ဆက်သွယ်ရေးကွန်ရက် မြှင့်တင်ရန်အတွက် အဓိကကျသော ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multimodal Transit Transport Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး (Trilateral Highway) အစရှိသည့် အရေးပါသော အခြေခံအဆောက်အအုံ စီမံကိန်းများကိုပါ ကြီးမားစွာ ထိုက်ခိုက်စေခဲ့သည်။

အိန္ဒိယအတွက် ပိုမိုအရေးကြီးသည့်အချက်မှာ လက်ရှိစစ်ပွဲများ ဖြစ်ပွားနေသည့် ဒေသအချို့သည် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကဏ္ဍကြီးများအတွက် အလွန်အရေးပါသည့် မဟာဗျူဟာမြောက် မြေရှားသတ္တု (Rare Earth Elements) များ အမြောက်အမြား ထွက်ရှိရာ နေရာများ ဖြစ်နေခြင်းပင်ဖြစ်သည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ်သည် မြေရှားသတ္တုများ ကြွယ်ဝပြီး ကမ္ဘာ့အရေးအပါဆုံး အကြီးစားမြေရှားသတ္တုဇုန်များထဲမှ တစ်ခုအဖြစ် ရှုမြင်ခံထားရသည်။ ထို့အပြင် ရှမ်း ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် လစ်သီယမ်အပါအဝင် အခြားအရေးကြီး အရင်းအမြစ်များ ထွက်ရှိရာ မိုးကုတ်ဘူမိဗေဒနယ်မြေများတွင်လည်း အရေးပါသော မဟာဗျူဟာမြောက် တွင်းထွက်သတ္တုအနည်အနှစ်များ တည်ရှိနေသည်။

အဆိုပါ ဒိုင်စပရိုဆီယမ် (Dysprosium)၊ တာဘီယမ် (Terbium) နှင့် နီယိုဒီမီယမ် (Neodymium) ကဲ့သို့သော မြေရှားသတ္တုများသည် လျှပ်စစ်ကားများ (EV)၊ လေအားလျှပ်စစ် တာဘိုင်များ၊ ဆီမီးကွန်ဒတ်တာများ (Semiconductors)၊ ကာကွယ်ရေးနှင့် အာကာသဆိုင်ရာ စနစ်များအပြင် စစ်ဘက်ဆိုင်ရာ လက်နက်ခဲယဉ်း ထုတ်လုပ်မှုကဏ္ဍများတွင် မရှိမဖြစ် လိုအပ်လှသည်။

ထို့ကြောင့် နယူးဒေလီမြို့တွင် အကြမ်းဖက် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးသည့်အခါ အိန္ဒိယဝန်ကြီးချုပ် မိုဒီအနေဖြင့် နယ်စပ်လုံခြုံရေး တည်ငြိမ်ရေးနှင့် မြေရှားသတ္တုများ ရရှိနိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌဘက်ကလည်း အပြုသဘောဆောင် တုံ့ပြန်နိုင်သော်လည်း၊ နိုင်ငံ၏နယ်မြေအများစုမှာ ၎င်း၏ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိနေသည့်အတွက် အမှန်တကယ် လက်တွေ့အကောင် အထည်ဖော် ပေးနိုင်ခြင်း ရှိ၊ မရှိမှာမူ မသေချာသေးကြောင်း သုံးသပ်ကြသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ထိုမြေပြင်အခြေအနေကို ကောင်းစွာသိရှိထားသော်လည်း မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်ဟု ယူဆထားပြီး၊ ဒေသတွင်း၌ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ဟန်ချက်ညီညီ တုံ့ပြန်နိုင်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မည်သည့်နိုင်ငံရေးအရ တရားဝင်မှုမျိုးမျှ မပေးရန် အိန္ဒိယနိုင်ငံကို တောင်းဆိုထားသော်လည်း၊ အိန္ဒိယဘက်ကမူ ၎င်းတို့၏ ပိုမိုကြီးမားသော အမျိုး သားအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခုခရီးစဉ်ကို လက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article