ရန်ကုန်၊ မေ ၃၁
အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်ဖြစ်သော ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအချင်းချင်းထိုး ကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့သည့် သတင်း ပြင်ပသို့ ပေါက်ကြား၍ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များကို စရဖက ဖမ်းဆီးခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တပ်ရင်းသတင်းရင်းမြစ်တချို့က ပြောဆိုသည်။
ယခင်ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် မျိုးဆက်သစ်များ မွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများ အချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း၊
သိန်းဟန်သည် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှ ဖြစ်ပြီး စစ်တက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ကြောင်း ၊ဧပြီလနှောင်းပိုင်းတွင် ဗိုလ်လောင်းများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း ၊ သေ ဆုံးသူ ဗိုလ်လောင်း သိန်းဟန် အစာ အိမ်ကြောင့် ဝမ်းဗိုက်ခွဲစိတ်ထားသူဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်လောင်းသိန်းဟန် သေဆုံးသည့်သတင်းကို စစ်တက္ကသိုလ်အတွင်း စုံခုံဖွဲ့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ယင်းသေဆုံးမှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဗိုလ်လောင်းသိန်းဟန် သေဆုံးသည့်သတင်းကို ပြင်ပသို့ မပေါက်ကြားစေရန် ဖုံးဖိထားခဲ့သော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက နာရေးဓာတ်ပုံနှင့်တကွ သတင်းဖော်ပြခဲ့သည့်အတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်အတွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ မသင်္ကာသူများကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်လောင်းသိန်းဟန် နာရေးဓာတ်ပုံက စစ်တက္ကသိုလ်က သူ့အခန်းကုတင်မှာ လုပ်ထားတာ။ အဲဒါကြောင့် အဲဒီဓာတ်ပုံ ဘယ်လို ပေါက်လဲ။ လိုင်းပေါ်ရောက်လဲဆိုပြီး စစ်ဆေးတာတွေလုပ်တယ်။ အဆောင်အရာရှိနဲ့ စစ်သည်တချို့ရော မိသားစုဝင်တွေပါ စစ်ဆေးဖမ်းဆီးခံရတယ်” ဟု အခြေအနေကို သိရှိထားသော သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်တွင် စီနီယာဗိုလ်လောင်းများက ဂျူနီယာ ဗိုလ်လောင်းများကို ထိုးကြိတ် အုပ်ချုပ်လေ့ရှိပြီး ယင်းစနစ်ကြောင့် မကြာခဏဆိုသလို သေဆုံးခဲ့သော ဗိုလ်လောင်းများရှိနေကြောင်း သိရှိရသည်။
ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် စီနီယာက ဂျူနီယာများကို အုပ်စုဖွဲ့ အုပ်ချုပ်ခြင်း၊ ထိုးကြိတ်ခြင်းများမှာ စစ် တက္ကသိုလ် ကျောင်း၏ မူဝါဒအရ ခေတ်အဆက်ဆက် ခွင့်ပြုထားသော စနစ်တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။




