27 C
Yangon

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ်တစ်ဦး သေနတ်တစ်လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ မေ ၃၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ်တစ်ဦးသည် သေနတ်တစ်လက်နှင့် ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့ အဆိုပါစစ်မှုထမ်း တပ်သားသစ်သည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်အတောင့် ၂၈၀ တို့ကို ယူဆောင်ကာ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အလင်းဝင် စစ်မှုထမ်းတပ်သားသစ်သည် ရမည်းသင်းမြို့တွင် ကားနောက်လိုက်နေစဉ် စစ်တပ်၏ ဖမ်းဆီးပေါ်တာဆွဲခြင်းကို ခံခဲ့ရသူဖြစ်ပြီး၊ စစ်မှုထမ်း အပတ်စဉ် ၁၄ သင်တန်းသားတစ်ဦး ဖြစ်သည်။

၎င်းသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး) တွင် စစ်မှုထမ်းသင်တန်း တက်ရောက်ဆင်းသက်ခဲ့ကာ၊ ခလရ ၅၀ တပ်ရင်းတွင် ၆ လခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ အလင်းဝင်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက ပြည်သူတစ်ယောက်ကနေတစ်ဆင့် ချိတ်ဆက်ပေးပြီးတော့ ကျွန်တော်တို့အဖွဲ့ထဲကို ဝင်ရောက်လာတာပါ။ သူက လက်နက်ခဲယမ်းတွေပါ ယူဆောင်လာတဲ့အတွက်ကြောင့် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ကနေ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားပါတယ်” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) မှ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

ပြည်သူလူထုကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည့် စစ်တပ်လက်အောက်ခံ တပ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ခိုလှုံဝင်ရောက် ပူးပေါင်းကြရန်နှင့် ၎င်းတို့ကို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) က တိုက်တွန်းနှိုးဆော်ထားသည်။

‘ပြည်သူ့ပန်းတိုင်’ အဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃,၁၅၁ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article