ရန်ကုန်၊ ဇွန် ၁
သားဖြစ်သူ အောင်ပြည့်စုံအား လုပ်ကိုင်ခွင့်ပြုထားသည့် ရတနာပုံမြို့သစ်စီမံကိန်းတွင် အိန္ဒိယလုပ်ငန်း ရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည်။
ယမန်နေ့က အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မင်းအောင်လှိုင်သည် အိန္ဒိယလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် ဒီဂျစ်တယ်စနစ် (Digital Transformation) သို့ အသွင်ကူးပြောင်းရေးအတွက် “မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀” ကို ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ မြေဧရိယာ ၁၀,၀၀၀ ဧကခန့်တွင် “ရတနာပုံဆိုက်ဘာစီတီး” (ရတနာပုံမြို့သစ်) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိရာ၊ IT ကဏ္ဍတွင် အောင်မြင်ပြီးဖြစ်သည့် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် IT နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း ဖိတ်ခေါ်ပြောဆိုသည်။
“ကျနော်တာဝန်ယူတဲ့အချိန်မှာ Cyber City ကို ပြန်ပြီး အကောင်အထည်ဖော်နေပါတယ်။ ဧက ၂၀၀၀၀ လောက်ရှိပါတယ်။ ခင်ဗျားတို့ ဒီမှာဆိုလို့ရှိရင် IT နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ထုတ်မယ်။ IT နဲ့ပတ်သက်ပြီးတော့ အခွင့် အရေး တော်တော်ကောင်းပါတယ်။ ကျနော်ကတော့ IT နဲ့ပတ်သက်ပြီးတော့ တော်တော်လေး ဦးစားပေးပြီး ဆောင် ရွက်နေပါတယ်။ ဒီခေတ်က IT ဖြစ်ပါတယ်။ ကျနော်တို့က IT နဲ့ပတ်သက်ပြီး တော်တော်တော့ နောက်ကျနေပါပြီ” ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။
ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံမြို့သစ် တည်ဆောက်ရေးလုပ်ငန်းများကို မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံ ကုမ္ပဏီများက လုပ်ပိုင်ခွင့်ရရှိထားကာ အခြေခံအဆောက်အအုံ ရေလိုင်း၊ မီးလိုင်းနှင့် လမ်း လုပ်ငန်းတင်ဒါများ လုပ်ကိုင်နေသည်။ ယင်းအပြင် ရတနာပုံ မြောက်ပိုင်းအိမ်ရာဝင်း၊ ကုတင် ၃၀၀ ဆံ့ ဆေးရုံကြီးတို့ကိုလည်း အောင်ပြည့်စုံကပင် တည်ဆောက်နေသည်။
လက်ရှိတွင် ပြင်ဦးလွင်ရတနာပုံမြို့သစ်စီမံကိန်းသည် စစ်ခေါင်းဆောင်မိသားစုနှင့် ၎င်း၏ အသိုင်း အဝိုင်းအတွက် စီးပွားရေးအမြတ်ထုတ်ရာနေရာ ဖြစ်နေပြီး၊ ပြည်တွင်းလုပ်ငန်းရှင်များအား အတင်း အဓမ္မ ရင်းနှီးမြှုပ်နှံခိုင်းခြင်းနှင့် ဒေသခံများအား ဖိနှိပ်ဖယ်ရှားခြင်းများဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူ အလွန်နည်းပါးနေပြီး အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ်လာခြင်းဖြစ်သည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် စစ်အာဏာရှင်ဟောင်း သန်းရွှေ ခေတ်နှင့် NLD အစိုးရခေတ်တွင် အောင်မြင်မှုမရှိဘဲ ရပ်ဆိုင်းခဲ့သော ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို စီမံကိန်းနှင့်လုပ်ငန်း တင်ဒါအများစု လုပ်ပိုင်ခွင့်ချထားပေးပြီး စီမံကိန်း ပြန်လည် စတင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လတ်တလော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် Expression Of Interest (EOI) ထားသော်လည်း စိတ်ဝင်စားသူ အလွန်နည်းပါးနေကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက်တွေ့တွင် ဖြစ်မလာကြောင်း သိရှိရသည်။
လက်ရှိ ရတနာပုံမြို့သစ်စီမံကိန်းမှာ အကြမ်းထည် အဆင့်တွင်သာရှိသေးပြီး ရင်းနှီးမြှုပ်နှံသူများအပေါ် မူတည်၍ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရန် ၊ လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် နည်းပညာစက်မှု ဇုန်များကိုပါ ထည့်သွင်းသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ စစ်တပ်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ရတနာပုံမြို့သစ်စီမံကိန်းတွင် စက်ရုံနှင့်လုပ်ငန်းများ လုပ် ဆောင်ကြမည့် ပြည်တွင်း ကုမ္ပဏီကြီးတချို့ရှိသော်လည်း ယင်းကုမ္ပဏီကြီးများပင်လျှင် စီမံကိန်းတွင် မည်သို့ မည်ပုံ ရှေ့ဆက်ပါဝင်ရမည်ကို တုံ့ဆိုင်းနေကြကြောင်း သိရှိရသည်။
ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက်လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင် လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားကြောင်း ယင်းစီမံကိန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။
မင်းအောင်လှိုင်က ရတနာပုံမြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နေသော အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ပါဝင်နေပြီး မြန်မာနိုင်ငံက စတုတ္ထမြောက် ပို့ကုန်အများဆုံးတင်ပို့ရသည့် နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံသို့ ဆဋ္ဌမမြောက်သွင်းကုန်အများဆုံး တင်သွင်းနေသည့် နိုင်ငံလည်း ဖြစ်ကာ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံဘက်က ပို့ကုန်ပိုမိုများပြားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲ၊ ပဲစင်းငုံ၊ မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည်၊ သစ်ပါးလွှာနှင့် အထပ် သားတို့ကို အဓိကတင်ပို့နေပြီး၊ အိန္ဒိယထံမှ ဆေးဝါး၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို အဓိကပြန်လည်တင်သွင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် သံနှင့် သံမဏိ၊ ဆေးဝါး၊ ဓာတုဗေဒပစ္စည်း စသည့် ထုတ်ကုန်များ တိုးမြှင့်တင်ပို့ရန်လည်း မင်းအောင်လှိုင်က တိုက်တွန်းသည်။
လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ သန်းကျော်ဖြင့် မြန်မာနိုင်ငံတွင် ၁၁ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။
အိန္ဒိယရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။




