ရန်ကုန်၊ ဇွန် ၁
အကြမ်းဖက် မင်းအောင်လှိုင်ကို အိန္ဒိယခရီးစဉ်အတွင်း တရားဝင်နိုင်ငံခေါင်းဆောင်တစ်ဦးကဲ့သို့ အိန္ဒိယအစိုးရက လက်ခံဆက်ဆံနေခြင်းအပေါ် အာဆီယံလူ့အခွင့်အရေးပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး မြန်မာ စစ်တပ်ကို အသိအမှတ်ပြုထားမှုများကို ချက်ချင်းပြန်လည်ရုပ်သိမ်းရန် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကို ဇွန်လ ၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်နေသည့် စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း သံတမန်ရေးအရ ကြိုဆိုဧည့်ခံနေခြင်းသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီမျှော်လင့်ချက်များကို ပစ်ပယ်လိုက်ခြင်းဖြစ်ကြောင်း APHR အဖွဲ့က ထောက်ပြထားသည်။
APHR ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားပါလီမန်အမတ် မာစီ ခရစ္စတီ ဘာရန်းဒ်စ်က မင်းအောင်လှိုင်သည် ပြည်သူ့အစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှု၏ လက်သည်တရားခံဖြစ်ပြီး ကိုယ်ပိုင်ပြည်သူများအပေါ် အစုလိုက် အပြုံလိုက် ရက်စက်မှုများ ကျူးလွန်နေသူဖြစ်သဖြင့် မြန်မာနိုင်ငံ၏ တရားဝင်သမ္မတ ဖြစ်မလာနိုင်ကြောင်း ပြတ်သားစွာ ထောက်ပြပြောဆိုထားသည်။
ထို့အပြင် အရပ်သား ၇,၇၀၀ ကျော်ကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ဗုံးကြဲခြင်း၊ အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် ပြည်သူသိန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးအောင် ပြုလုပ်ခဲ့သည့် စစ်ဗိုလ်ချုပ်တစ်ဦးကို ဖိတ်ခေါ်ဧည့်ခံနေခြင်းသည် အိန္ဒိယ၏ “အိမ်နီးချင်းပထမ” နှင့် “အရှေ့မျှော်” မူဝါဒများနှင့်ပင် ကိုက်ညီမှုမရှိကြောင်း ထောက်ပြထားသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်လည်ပြုလုပ်ရန် ကြိုးပမ်းခြင်း သို့မဟုတ် ကန့်သတ်ချက်များဖြင့် ဆက်ဆံနေခြင်းသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပိုမိုရဲတင်းလာစေပြီး မြန်မာပြည်သူများ၏ ဒုက္ခကို သက်ဆိုးရှည်စေကြောင်း APHR က သတိပေးထားသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံအဖြစ်လည်းကောင်း၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ်လည်းကောင်း ဒီမိုကရေစီတန်ဖိုးများကို အလေးထားသည့် လုပ်ရပ်မျိုးကိုသာ ပြသရန် လိုအပ်ကြောင်း APHR က သတိပေးတိုက်တွန်းထားသည်။




