27 C
Yangon

မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းများ ထက်သာသော၊ အရည်အသွေးကောင်းသော သွင်းကုန်ပစ္စည်းများကို အကောင်းကြိုက်တိုင်း တင်သွင်းခွင့်မပြုနိုင်ဟု မင်းအောင်လှိုင်က အိန္ဒိယတွင် ထုတ်ပြော

Must read

ရန်ကုန်၊ ဇွန် ၁

မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းများထက် သာလွန်ပြီး အရည်အသွေးကောင်းမွန်သော သွင်းကုန်ပစ္စည်းများကို အကောင်းကြိုက်တိုင်း တင်သွင်းခွင့်မပြုနိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံရာတွင် ၎င်းက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။

မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးတိုးမြှင့်လိုသော်လည်း မြန်မာနိုင်ငံအတွင်းသို့ သွင်းကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုရာတွင် သွင်းကုန်ပါမစ်နှင့် ခွင့်ပြုချက်များကို အရမ်းကာရော ပေး၍မရဘဲ၊ ပို့ကုန်တင်ပို့ထားသည့် ပမာဏပေါ်မူတည်၍သာ သွင်းကုန်များကို ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ၊မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများထက် အရည်အသွေး ကောင်းမွန်သည့်တိုင်အောင် အကောင်းကြိုက်တိုင်း တင်သွင်းခွင့်မပြုနိုင်ကြောင်း ထည့်သွင်းပြောဆိုသည်။

“ကုန်သွယ်မှုနဲ့ ပတ်သက်လို့ လုပ်စေချင်ပါတယ်။ သွင်းကုန်နဲ့ပတ်သက်လို့ ငွေပေးချေတဲ့ကိစ္စတွေ ဒါတွေလည်း ကျနော်တို့လည်း ပို့ကုန်ပေါ် မူတည်ပြီးတော့ သွင်းကုန်တွေကို ခွင့်ပြုတာဖြစ်ပါတယ်။ အရမ်းတော့ ပေးလို့မရဘူး။ ကျနော်တို့ တိုင်းပြည်ကလည်း ငွေကြေးအင်အားတောင့်တင်းတဲ့ ခင်ဗျားတို့လို ဘီလီယံ၊ ထရီလီယံနဲ့ ချီပြီ ချမ်းသာတဲ့တိုင်းပြည်လည်းမဟုတ်ဘူး။ သွင်းကုန်က ပို့ကုန်ပေါ်မူတည်ပြီးတော့မှ ကုန်သွယ်မှုလုပ်ရတာဖြစ်ပါတယ်” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့အနေဖြင့် ပို့ကုန်ရရှိမှုအပေါ် မူတည်ပြီးမှသာ သွင်းကုန် ကုန်သွယ်မှုကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အတတ်နိုင်ဆုံးအနေဖြင့် ဧပြီလ ၁ ရက်နေ့က စတင်မည့် ဘတ် ဂျက်ကာလတွင် သွင်းကုန်တော်တော်များများကို ခွင့်ပြုချက်ပေးရန် ညွှန်ကြားထားကြောင်း၊ ဒုတိယသမ္မတညိုစောကို ကုန်သွယ်မှုနှင့် ပတ်သက်၍ တာဝန်ပေးထားပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိမည့် သွင်းကုန်များကို မြန်မြန်သွက်သွက် ခွင့်ပြုရန် ပြောထားကြောင်း၊ သွင်းကုန်ပါမစ်ရရှိရေးအတွက် မြန်မာနိုင်ငံအတွက် တိုက်ရိုက်လိုအပ်ကုန်ဖြစ်ပါက သွင်းကုန်ပါမစ်ချထားပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အတတ်နိုင်ဆုံးကျနော်တို့ အခုလာမယ့် ဘတ်ဂျက်ပေါ့ ဧပြီလ ၁ ရက်နေ့ကစပြီးသွင်းကုန်တွေ တော်တော်များများကို ခွင့်ပြုချက်ပေးခိုင်းပါတယ်။ ကျနော့်ဆီက ဒုတိယသမ္မတကတော့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး တာဝန်ပေးထားတာရှိပါတယ်။ သွင်းကုန်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိတာမှန်သမျှ မြန်မြန်သွက်သွက် ခွင့်ပြုဖို့ ပြောထားတာရှိပါတယ်။ သွင်းကုန်ပါမစ်ရရှိရေးအတွက်တော့ မြန်မာနိုင်ငံအတွက် တိုက်ရိုက် လိုတယ်ဆိုရင်တော့ ပေးပါ့မယ်။ ခင်ဗျားတို့ကလည်း ကိုယ့်ပစ္စည်းရောင်းဖို့အတွက် ကြိုးစားကြတာပေါ့။ ကျနော်တို့ ပြောချင်တာက မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ သွင်းကုန်ပစ္စည်းကိုတော့ ဦးစားပေး ပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးမကြီးတဲ့ ပစ္စည်းကတော့ ဦးစားပေးမှာမဟုတ်ပါဘူး။ ကျနော်တို့က ငွေကြေးပေါတဲ့လူတွေ မဟုတ် ပါဘူး။ လူဆိုတာတော့ အကုန်လိုကြတာကိုး။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပစ္စည်းထက်သာတဲ့ ကုန်ပစ္စည်းဆိုရင် အကုန်လုံးက လိုချင်ကြမှာပဲ။ ဒါ လူ့သဘောသဘာ၀ ကောင်းတာကို ကြိုက်တာကိုး။ ကောင်းတာကြိုက်တိုင်းလည်း ခွင့်ပြုချက် ပေးလို့မရဘူး။ ကျနော်တို့ကတော့ မြန်မာနိုင်ငံဘက်က ကြည့်တဲ့အခြေအနေမှပဲ သွင်းကုန်တွေ ပါမစ်တွေ ခွင့်ပြုချက်တွေ ပေးလို့ရမှာဖြစ်ပါတယ်”ဟု မင်းအောင်လှိုင်က ပြောဆိုသည်။

အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှအမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲ၊ ပဲစင်းငုံနှင့် မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည်၊ သစ်ပါးလွှာနှင့် အထပ်သားတို့ကို အဓိကတင်ပို့နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယထုတ်ကုန်များဖြစ်သည့် ဆေးဝါး၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေးအတွက် သွင်းကုန်ပစ္စည်း တင်သွင်းမှုများကို လျှော့ချရန်၊ သွင်းကုန်အစားထိုးပစ္စည်းများ တိုးမြှင့် ထုတ်လုပ်ရန် စီးပွားရေးမူဝါဒ ချမှတ်ထားပြီး စက်သုံးဆီ၊ စာအုန်းဆီကဲ့သို့သော အရေးကြီးကုန်ပစ္စည်းများကိုပါ တင်သွင်းမှုများ အကြီး အကျယ် လျှော့ချလျက်ရှိကြောင်း စက်သုံးဆီအသင်းနှင့် UMFCCI ကုန်သည်စက်မှုအသင်းထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article