ရန်ကုန်၊ ဇွန် ၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ချောင်းခွရွာမှ ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က စိတ်ကြိုက်ခိုးယူပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူကာ ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရန်ကုန်-ပြည်လမ်း အနောက်ခြမ်းရှိ ထိန်တော၊ မိုးညို နှင့် ညောင်လေးပင် ကျေးရွာများမှ ပျူစောထီးများနှင့် ပူးပေါင်းပြီး စစ်ကြောင်း ၂ ကြောင်းခွဲ၍ အုတ်ဖိုမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စိတ်ကြိုက် ဝင်ရောက်ဖောက်ခွဲကာ ပစ္စည်းများ လိုက်လံခိုးယူနေဆဲဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ချောင်းခွရွာကို မီးရှို့သွားတာ ရွာလုံးကျွတ် နီးပါးကို မီးလောင်ပြာကျသွားတယ်။ ပြည်သူတွေလည်းဘေးလွတတ်ရာ တိမ်းရှောင်နေရတုန်းပဲ စစ်ရှောင်က ၂ သောင်းကျော်လောက်ရှိလာပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကြောင့် ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ထို့ပြင် မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ကလည်း အုတ်ဖိုမြို့နယ် ချောင်းဂွကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သရက်နှစ်ဖျားလိမ်ရွာမှ ချောင်းဂွကြီးရွာသို့ မြင်း ၃ ကောင်လာပို့သည့် အသက် ၅၀ နှစ်အရွယ် ဦးဘိုလေး ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“လေယာဉ်နဲ့ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်တာ သရက်နှစ်ဖျားလိမ်ရွာကနေ မှ ချောင်းဂွကြီးရွာကို မြင်းလာပို့တဲ့ အသက် ၅၀ နှစ်အရွယ် ဦးဘိုလေး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးတယ်။ မြင်း ၃ ကောင်လည်း သေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။






