29 C
Yangon

မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေ၍ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေး မျှော်လင့်ချက် မှေးမှိန်လာနေကြောင်း ကုလသမဂ္ဂ ပြော

Must read

ရန်ကုန်၊ ဇွန် ၃

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်များ ၎င်းတို့သဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်မည့် အလားအလာများ နည်းပါးလာနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဇွန်လ ၂ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UNHCR ပြောရေးဆိုခွင့်ရှိသူ Babar Baloch က ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှုအပြီး ၉ နှစ်နီးပါး ကြာမြင့်လာသည့်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ်၌သာ အဓိက မှီခိုအားထားနေရဆဲဖြစ်ကြောင်း ပြောဆိုသည်။

ရိုဟင်ဂျာများသည် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံရှိ ပစ်မှတ်ထားအကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြောင့် ထွက်ပြေးခဲ့ကြရခြင်းဖြစ်ပြီး၊ နေရပ်ပြန်ရေးအတွက် တိုးတက်မှုတစ်စုံတစ်ရာ မရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်သောင်တင်နေကြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဒုက္ခသည်အသစ်များ ထပ်မံတိုးပွားလာနေပြီး၊ ၂၀၂၄ ခုနှစ်အစောပိုင်းမှစတင်ကာ ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံဝင်ရောက်လာခဲ့ရာ ယင်းအခြေအနေမှာ ကန့်သတ်ထားရသည့် လူသားချင်းစာနာမှုဆိုင်ရာ အရင်းအမြစ်များနှင့် ပြွတ်သိပ်နေပြီးသား ဒုက္ခသည်စခန်းများအပေါ် ပိုမိုဝန်ထုပ်ဝန်ပိုးဖြစ်စေလျက် ရှိသည်။

မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသည့် မတည်ငြိမ်မှုများက ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မည့် မျှော်လင့်ချက်များကို ပိုမိုပျက်ပြားစေကာ ဒုက္ခသည်များစွာကို မရေရာသော အနာဂတ်နှင့် ရင်ဆိုင်ရစေကြောင်း ပြောရေးဆိုခွင့်ရှိသူက ထောက်ပြထားသည်။

“နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင်လူထုနဲ့အတူ ဆက်လက်ရပ်တည်ပေးကြဖို့ လိုအပ်ပါတယ်” ဟု Baloch က ပြောကြားသည်။

အဆိုပါ သတိပေးချက်သည် ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကြုံတွေ့နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ ဖိအားများနှင့် ရန်ပုံငွေစိန်ခေါ်မှုများ ကြီးထွားလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် အိမ်ရှင်လူထု၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အမေရိကန်ဒေါ်လာ ၇၁၀ ဒသမ ၅ သန်း ရရှိရန် တောင်းခံခဲ့သော်လည်း ယင်းတောင်းခံမှုမှာ အရေးကြီးဦးစားပေးအဆင့် ဖြစ်နေသည့်တိုင် ပြီးခဲ့သည့်နှစ် ရန်ပုံငွေလျာထားချက်ထက် ၂၆ ရာခိုင်နှုန်း လျော့နည်းနေကြောင်း သိရသည်။

ထို့အပြင် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း နည်းပါးခြင်းနှင့် ကူညီထောက်ပံ့မှုများ လျော့ကျလာခြင်းတို့ကြောင့် ဒုက္ခသည်အိမ်ထောင်စုများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပေါ် ပိုမိုဖိအားဖြစ်စေလျက် ရှိသည်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပစ်မှတ်ထား အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ပြန်ဖို့ မျှော်လင့်ချက်တွေ မှေးမှိန်လာနေပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေဟာ ဒေသတွင်းမှာ အခွင့်အလမ်းသစ်တွေ ရှာဖွေဖို့အတွက် အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်တဲ့ ပင်လယ်ရေကြောင်း ခရီးစဉ်တွေကို စွန့်စားသွားလာတာမျိုး အပါအဝင် စိတ်ပျက်အားလျော့စရာ ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်” ဟု Baloch က ဆိုသည်။

UNHCR ၏ ထုတ်ပြန်ချက်အရ နေရပ်ပြန်ရန် မျှော်လင့်ချက် ကင်းမဲ့လာခြင်းကြောင့် စွန့်စား၍ ပင်လယ်ရေကြောင်းခရီးဖြင့် ထွက်ခွာကြသည့် ရိုဟင်ဂျာဦးရေ ပိုမိုများပြားလာကြောင်း သိရသည်။

UNHCR ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်သည် ကပ္ပလီပင်လယ် (Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသဖြင့် ယင်းကဲ့သို့ စွန့်စားသွားလာမှုများတွင် သေဆုံးမှုအများဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article