28.7 C
Yangon

မြိုင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေ၊ ချောင်းဦးတွင်လည်း စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက် ဗုံးကျဲနေ

Must read

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နှင့် ၄ မိုင်အကွာရှိ စက်မှု ၂ မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်ပုတ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၄ ထက်မနည်း မီးရှို့ဖျက်ဆီးကာ ၆၀ မမ လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် မေလ ၂၃ ရက်နေ့က Mi-17 ရဟတ်ယာဉ်ဖြင့် မြိုင် စက်မှု ၂ ကို ရောက်ရှိလာပြီး မေလ ၂၄ ရက်နေ့မှ စတင်ကာ လက်ရှိချိန်ထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကုန်းရွာမှ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားကြောင်း သိရှိရသည်။

ထို့ပြင် မြိုင် စက်မှု ၂ မှ အကြမ်းဖက် စစ်သားများကလည်း အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာ ၇ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူနေကြောင်း သိရသည်။

အလားတူ မြိုင်မြို့ နှင့် ၁၆ မိုင်ခန့်အကွာရှိ လင်းကတော ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကလည်း ချောင်းတောင်း၊ မရိုးကန်နှင့် ပေါင်းတည် စသည့်ကျေးရွာမျာကို လှည့်လည်စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

“မြိုင်မြို့နယ်ထဲမှာက စက်မှု ၂ ကစစ်ခွေးစစ်ကြောင်းနဲ့ လင်းကတောက စစ်ခွေးစစ်ကြောင်းက ကျေးရွာတွေကို လှည့်ပတ် စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့နေတာ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားတယ်လို့ သိရပါတယ်။ ပြည်သူတွေက ရွာတွေထဲကို ပြန်မဝင်နိုင်သေးတော့ ရွာထဲက အခြေအနေ အသေးစိတ်ကို မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာနှင့် ရှမ်းထူးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း မြောင်မြို့ သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇွန်လ ၄ ရက်နေ့တွင် နံနက်ပိုင်းတွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တက်လာသော Gyrocopter ၃ စီး paramotor၂စီး တို့ဖြင့် ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာနှင့် ရှမ်းထူးကျေးရွာ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများနှင့် နေအိမ် ပျက်စီးတာမျိုးကို အတည်ပြုနိုင်ခြင်းမရှိဘဲ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာကို စစ်ခွေး တွေက Gyrocopter ၃ စီး ဖြင့် ဗုံး ၄လုံးဖြင့် လာကျဲသွားတယ်။ ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာကို စစ်ခွေးတွေက paramotor၂ စီး တို့ဖြင့် ဗုံးသီး ၄လုံးဖြင့် လာကျဲသွားတယ် ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ကျွန်တော်တို့ ရွာထဲကို ဝင်ရောက်ဖို့အတွက် စစ်ခွေးတွေ လေယာဉ်က အခုထိကို ဝဲနေတုန်းမို့လို့ပါ။ ကျေးရွာထဲမှာ ရှိတဲ့ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ ပြည်သူများ အနေဖြင့် စစ်ကြောင်းနှင့်လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ပြောချင်ပါတယ် “ဟု မြောင်မြို့ သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ကလည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တက်လာသော Gyrocopter ၃ စီးနှင့် paramotor ၂ စီးသည် ချောင်းဦးမြို့နယ်၊ ဆင်မြေကျေးရွာနှင့် ငါးလုံးတင်ကျေးရွာအကြားရှိ ပဒိုနိုင်ဆီဆိုင်ပေါ်ကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိဘဲ ဆီလှောင်ကန်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article