ရန်ကုန်၊ ဇွန် ၄
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အယောင်ဆောင်ကာ အမျိုး သားဖြစ်သူ၏ လည်ပင်းကို ဓားဖြင့်လှီးဖြတ်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့်အပြင် တော်လှန်ရေးအဖွဲ့အစည်းများ နာမည်ပျက်စေရန် လူမှုကွန်ရက်ပေါ်တွင် လိမ်လည်နေသူ တရားခံ သိန်းသန်းစိုးကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁ ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှ သိန်းသန်းစိုး ဆိုသူသည် ဂွေးပင်ကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်းသို့ အဓမ္မဝင်ရောက်ကာ နေအိမ်ရှိ ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ သိန်းသန်းစိုးသည် အမျိုးသားဖြစ်သူ၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ်ခဲ့ပြီးနောက် အမျိုးသမီးဖြစ်သူကိုပါ ရက်စက်စွာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လည်ပင်းလှီးဖြတ် အသတ်ခံရသည့် အမျိုးသားမှာ ကံကောင်းထောက်မစွာဖြင့် သေဆုံးခြင်းမရှိဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ တရားခံ သိန်းသန်းစိုးသည် အဆိုပါလူသတ်မှုနှင့် အဓမ္မပြုကျင့်မှု စသည့်ပြစ်မှုများကို ကျူးလွန်ပြီးနောက် ၎င်းကိုယ်၎င်း “နတ်မောက် PDF” ဟု အယောင်ဆောင်ကာ TikTok လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ဒလန်လင်မယားကို သတ်ပစ်ခဲ့ကြောင်း၊ ဂွေးပင်ရွာတွင် တော်လှန်ရေးတပ်များရှိကြောင်းနှင့် သတ္တိရှိလျှင် လာခဲ့ရန်” စိန်ခေါ်သည့် ရုပ်သံဗီဒီယိုနှင့် စာသားများကို ရေးသားတင်ခဲ့သည်။
ထိုသို့ ၎င်း၏ လိမ်လည်လှုံ့ဆော်မှုကြောင့် အကြမ်းဖက်စစ်တပ်က ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြစ်မှုများ ကျူးလွန်ခဲ့သော တရားခံဖြစ်သူ သိန်းသန်းစိုးကို တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိပြီးနောက် သိန်းသန်းစိုးက ၎င်းကျူးလွန်မိသော ပြစ်မှုများနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့ထံတွင် ဝန်ခံထွက်ဆိုထားသည်။
“အဲဒီနေ့ညက ရွာထဲသွားတာ ဓာတ်မီးလှမ်းထိုးတာ အိပ်ပျော်နေတာလား။ အိပ်နေတာ။ အဲဒါနဲ့ ကျနော်ကသွားတယ်။ စကားတွေဘာတွေ ထိုင်ပြောတယ်။ ပြောတော့ ကျနော် ခေါင်ရည်တစ်ဗူးသောက်နေတာ။ ခေါင်ရည်တစ်ဗူး သောက်ပြီးတော့ သေးပေါက်သွားတာ။ သေးပေါက်သွားပြီး ကျနော်က သူ့ယောင်္ကျားကို ဓားနဲ့ လှီးတာ။ လည်လှီးတာ။ လည်လှီးပြီးတော့ မိန်းမဖြစ်သူကို သူ့ယောင်္ကျားကို ကြိုးနဲ့တုပ်ခိုင်းတာ။ ပြီးတော့ မိန်းမကို သရက်ပင်အောက် ခေါ်သွားတာ။ မုဒိန်းကျင့်တာပါ။ ၁ ခါပါပဲ။ မုဒိန်းကျင့်တာ ဝန်ခံတယ်။ သူယောင်္ကျားကို လည်လှီးခဲ့တာ သေလား၊ မသေလား မသိဘူး။ လူသားမဆန်တာ သိပါတယ်။ “ဟု တရားခံ သိန်းသန်းစိုးက ဝန်ခံထွက်ဆိုထားသည်။
လက်ရှိအချိန်တွင် တရားခံ သိန်းသန်းစိုးကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေဖြင့် ပြည်သူများ အထူးသတိထားနိုင်ရန်အတွက် အဆိုပါ တရားခံ သိန်းသန်းစိုး အသုံးပြုခဲ့သည့် TikTok အကောင့်ကိုပါ သတင်းထုတ်ပြန်ချက် ဗီဒီယိုနှင့်အတူ ပူးတွဲဖော်ပြပြီး အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။




