ရန်ကုန်၊ ဇွန် ၅
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် နမ့်မယ်ခုံမြို့နယ်တို့တွင် စစ် တပ်က လေယာဉ်၊ ဒရုန်း၊ လက် နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခရစ်ယာန်သင်းအုပ်ဆရာ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ဒီးမော့ဆိုမြို့နယ်အနောက် ဘက်ခြမ်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာ ၃ ခုကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၃ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နှစ်ခြင်း ခရစ်ယာဉ် သင်းအုပ်ဆရာ ၁ ဦး သေဆုံးပြီး သက်ကြီး ရွယ်အိုအမျိုးသား ၁ ဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“မနေ့ မနက် ၅ နာရီခွဲလောက်ကနေ စကျဲတာ။ ၃ နေရာကျဲသွားတာဖြစ်ပါတယ်။ ရွာ ၃ ရွာပေါ့၊ ထိခိုက် ဒဏ်ရတာက ၂ ယောက်၊ ၁ ယောက်သေဆုံးတာ အတည်ဖြစ်ပါတယ်။ အခုက ဒီးမော့ဆိုမြို့နယ် ထဲမှာဆိုရင် လေယာဉ်နဲ့ ဗုံးမကျဲတာ နည်းနည်းတော့ ကြာပြီ၊ မနေ့ကမှပဲ လေယာဉ်နဲ့ ပြန်လာ ကျဲ တာဖြစ်ပါတယ်။ ဒါပေမယ့် ဒရုန်းနဲ့ကတော့ ပုံမှန်ပဲ၊ တနေ့ကလည်း နမ့်မယ်ခုံမြို့နယ်ထဲမှာ ဒရုန်းနဲ့ လာကျဲတာ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်။ နောက်ပြီးတော့ ဖရူဆိုဘက်မှာ လည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက် ခိုက်တာတွေရှိပါတယ်။” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ဇွန်လ ၃ ရက် နေ့လည်ပိုင်းကလည်း နမ့်မယ်ခုံမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေး ရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အဖွားအို တစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မေလ ၃၁ ရက်နေ့ ည ၁၀ နာရီအချိန် နှင့် ဇွန် ၁ ရက်နေ့ နံနက် ၄ နာရီတို့တွင်လည်း ဖရူဆိုမြို့နယ် အတွင်းရှိ ပြည်သူများ နေထိုင်ရာ တနေရာကို စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သား ပြည် သူများနေထိုင်ရာ ကျေးရွာ၊ စစ်ဘေးရှောင်စခန်းများ၊ စာ သင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာ ရေး ဆိုင်ရာ အဆောက်အအုံများကို ပစ် မှတ် ထားကာ ဗုံးကျဲတိုက်ခိုက်လျက်ရှိပြီး ပျက်စီးဆုံးရှုံးမှုများ လည်း များပြားနေပြီဖြစ်ကြောင်း သိရသည်။






