ရန်ကုန်၊ ဇွန် ၅
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်တို့တွင် စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မင်းခေါင်ကျေးရွာနှင့် ရှမ်းထူးကျေးရွာတို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဗုံးကျဲခဲ့ကြကြောင်း၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မနခ) မှ တက်လာသည့် Gyrocopter များနှင့် Paramotor များကို အသုံးပြုကာ ကျေးရွာများအတွင်းသို့ ဗုံးများ ကျဲချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြောင်မြို့ သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ စစ်ခွေးက ဗုံး ၂ လုံးကျဲသွားတာပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်”ဟု ပြောဆိုသည်။
အလားတူ ယနေ့ ဇွန်လ ၅ ရက်နေ့ နေ့လယ်ပိုင်း ချင်းပြည်နယ်တွင်လည်း ဟားခါးနှင့် ထန်တလန်မြို့အကြားရှိ စစ်ရေးအရ အချက်အချာကျသည့် အော်တိုတောင်ဝန်းကျင်ကို စစ်တပ်က ဂျက်တိုက် လေယာဉ်များဖြင့် ၅ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တောင်ကုန်းသည် ချင်းပြည် (Chinland) အစိုးရတပ်ဖွဲ့များက ထိန်းချုပ်ထားသည့် နေရာဖြစ်ပြီး ယနေ့ ဗုံးကျဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
လတ်တလော စစ်တပ်က ဟားခါးမြို့မှတစ်ဆင့် အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးရန် ထွက်လာနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။




