25.2 C
Yangon

မြန်မာ့အရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်မှု ကင်းမဲ့သည့် အဖွဲ့အစည်းဖြစ်နေပြီး မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို မျက်ကွယ်ပြုခဲ့ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂညီလာခံတွင် တရားဝင် ဝေဖန်

Must read

ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံအရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်တာများသည် ဆိုင်းငံ့ပိတ်ဆို့ခြင်း ခံနေရပြီး လုံခြုံရေးကောင်စီကို ထိရောက်မှုကင်းမဲ့သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တရားဝင် ဝေဖန်ပြောကြားလိုက်သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်သည့် ကုလ သမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ လုံခြုံရေးကောင်စီ၏ နှစ် ပတ်လည်အစီရင်ခံစာအပေါ် ဆွေးနွေးမှုတွင် သံအမတ်ကြီးက ထိုသို့ ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆောင်ရွက်မှုများသည် ကန့်သတ်ချက်များနှင့် ပျက် ကွက်မှုများ၏ ဝမ်းနည်းဖွယ်ကောင်းသော ထင်ဟပ်မှုတစ်ရပ် ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကောင်စီ၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန် ပွင့်လင်းမြင်သာမှုရှိရေး၊ ထိရောက်မှုရှိရေးနှင့် ယုံကြည်ကိုးစားမှုရှိရေး ဟူသည့် နယ်ပယ် ၃ ခုကို သံအမတ်ကြီးက ထောက်ပြခဲ့သည်။

ပထမအချက်အဖြစ် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့် ပတ်သက်၍ သီးသန့်တံခါးပိတ် အစည်း အဝေးများ ကျင်းပသည့် အလေ့အထကို ဆက်လက်ကျင့်သုံးနေခြင်းကြောင့် အများပြည်သူနှင့် အခြား အဖွဲ့ဝင်နိုင်ငံများအတွက် ကောင်စီ၏ အနှစ်သာရရှိသော ဆွေးနွေးချက်များ၊ ကောင်စီအဖွဲ့ဝင်များ၏ သဘောထားနှင့် ဆောင်ရွက်ပုံများကို အလွယ်တကူ သိရှိနိုင်ခြင်းမရှိဘဲ ကန့်သတ်ခံနေရကြောင်း ဝေဖန်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်တာများတွင် ပွင့်လင်းမြင်သာမှုရှိခြင်းသည် စိတ် ကြိုက်ရွေးချယ်ကျင့်သုံးရမည့် သဘောမဖြစ်သင့်ဘဲ နိုင်ငံအားလုံးအတွက် တစ်ပြေးညီ ကျင့်သုံးသင့်သည့် မူဝါဒသာ ဖြစ်သင့်ကြောင်း ၎င်းက ဝေဖန်ထောက်ပြသည်။

ဒုတိယအချက်အဖြစ် လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ ငလျင်ဘေးအပြီးတွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း အဆိုပါကာလ နောက်ပိုင်း ထုတ်ပြန်ရန် ကြိုးပမ်းခဲ့သည့် လုံခြုံရေးကောင်စီ သဘာပတိ ကြေညာချက်တစ်ရပ်နှင့် အခြားသော သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံ၏ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရဆဲ ဖြစ်သည်။

ထိုကဲ့သို့သော လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာခြိမ်းခြောက်မှုများက မြန်မာနိုင်ငံအရေးနှင့်စပ် လျဉ်း၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်တာများကို ပိတ်ဆို့နေပြီး လုံခြုံရေးကောင်စီကို ထိရောက်မှုကင်းမဲ့စေသည်ဟု သံအမတ်ကြီးက ဆက်လက် ဝေဖန်ထောက်ပြသည်။

တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စု၏ လက်ချက်ကြောင့် လူပေါင်း ၈,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း ၃ ဒသမ ၆ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ၊ ပြည်သူ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အရေးတကြီး လိုအပ်နေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၅ နှစ်ကျော်ကြာ အရပ်သားများကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ကြာရှည်ကျယ်ပြန့်လာသည့် အဆိုပါ ကွာဟချက်သည် ကောင်စီ၏ လုပ်ငန်းဆောင်တာ ချို့ယွင်းနေမှုကို သာမက မြေပြင်အခြေအနေနှင့် ဆက်စပ်မှု ကင်းမဲ့လာသည်ကိုပါ ထင်ရှားစွာ သက်သေပြနေကြောင်း သံအမတ်ကြီးက အလေးအနက် ထောက်ပြသည်။

တတိယအချက်အဖြစ် မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများကို ကာကွယ်ရာ၌ လုံခြုံရေးကောင်စီ၏ ဖန်တစ်ရာတေအောင် ပျက်ကွက်ခဲ့မှုများသည် ပြည်သူများ၏ ကောင်စီအပေါ် ယုံကြည်ကိုးစားမှုကို သိသိသာသာ ထိခိုက်စေခဲ့ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက အလိမ်အညာ ရွေးကောက်ပွဲနှင့် အဆိုပါ ရွေးကောက်ပွဲမှ ပေါ်ထွန်းလာမည့် အလိမ်အညာ အုပ်ချုပ်ရေးစနစ်ကို စတင်ကြေညာချိန်မှစ၍ အရပ်သားများကို ပိုမိုပစ်မှတ်ထားကာ လေ ကြောင်းတို က်ခိုက်မှုများကို စနစ်တကျ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၁ လတည်းတွင်ပင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး၊ ကရင်နီပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ခိုလှုံနေသည့် စခန်း၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းတို့ကိုလည်း လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုးရွားလာနေသည့် ဤအကြမ်းဖက် ရက်စက်မှုများသည် အကြောင်းအရင်းမဲ့ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ၊ လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို မျက်ကွယ်ပြုခဲ့မှု၏ တိုက်ရိုက်ကျိုးဆက်များ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဝေဖန်ခဲ့သည်။

ထို့ပြင် ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့နှင့် ဒေသဆိုင်ရာနိုင်ငံများသည် ၎င်းတို့၏ မဆင်မခြင် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် စစ်အာဏာရှင်အုပ်စုကို အားပေးအားမြှောက်ပြုရာ ရောက်ခဲ့မှု၏ နောက်ဆက်တွဲရလဒ်လည်း ဖြစ် ကြောင်း ထည့်သွင်းပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ထိရောက်သော အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အစီအမံများပါဝင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ် အပါအဝင် အချိန်မီ၊ ထိရောက်သော ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှုများကို ချက်ခြင်းပြုလုပ်ရန် မဖြစ်မနေ လိုအပ်နေကြောင်း၊ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေး ကြိုးပမ်းမှုကို ခိုင်မာစွာ ထောက်ခံပံ့ပိုးပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းကို သံအမတ်ကြီးက တိုက်တွန်းနှိုးဆော်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article