ရန်ကုန်၊ ဇွန် ၁၁
အကြမ်းဖက် မင်းအောင်လှိုင်၏ စက်သုံးဆီချွေတာရေး စီမံချက်ကြောင့် ဖြစ်ပေါ်လာသော မော်တော်ယာဥ်များ လမ်းပေါ်တွင် စုံ/မ ကားနံပါတ်စနစ်ဖြင့် စုံ/မ ရက်အလိုက် လမ်းပေါ်တွင် မောင်းနှင်ခွင့်ပြုနေသည့်စနစ်ကို ပယ်ဖျက်ပေးရန် ကြံ့ဖွတ်ပါတီနှင့် အမတ်များက ကြိုးစားကြသော်လည်း မင်းအောင် လှိုင်က သဘောမတူဘဲ ပယ်ချသဖြင့် စုံ/မစနစ် ပယ်ဖျက်ခြင်းမပြုနိုင်သေးကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းနှင့် ကြံ့ဖွတ်ပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
အီရန်နှင့်အမေရိကန်စစ်ပွဲ စတင်သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် စွမ်းအင်အကျပ်အတည်းများဖြစ်ပေါ်လာချိန် အကြမ်းဖက် မင်းအောင်လှိုင်က စက်သုံးဆီ ချွေတာရေးစီမံချက်ဖြင့် QR စနစ်ဖြင့် စက်သုံးဆီရောင်းချခြင်း၊ စုံ/မစနစ်ဖြင့် မော်တော်ယာဉ်များကို လမ်းပေါ်ထွက်ခွင့်ပြုခြင်းများကို မတ်လဆန်းပိုင်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှုမှာ အဆင်ပြေသော်လည်း စုံ/မစနစ်ဖြင့် ကားများကို လမ်းပေါ် မောင်းနှင်ခွင့်ပြုခြင်းမှာ အဆင်မပြေသဖြင့် ပယ်ဖျက်ပေးရန် ပြည်သူများအကြား တောင်းဆိုမှုများ မြင့်တက်လာနေကြောင်း၊ ထို့ကြောင့် ကြံ့ဖွတ်ပါတီက စုံ/မစနစ် ပယ်ဖျက်ပေးရန် ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရှိကြောင်း သိရှိရသည်။
“အခု စာသင်ကျောင်းတွေ ပြန်ဖွင့်တော့ကလေး ကျောင်းကြို/ ကျောင်းပို့ စုံ/မစနစ်နဲ့ ဘယ်လိုမှ အဆင်မပြေနေဘူး။ ပြည်သူတွေရဲ့ သွားလာနေထိုင်မှု ကျန်းမာရေး ပညာရေး လူမှုရေး စီးပွားရေးတွေမှာလည်း စုံ/မစနစ်က အတော်ကို အဆင်မပြေဘူး။ ပြည်သူတိုင်းက စုံကားတစ်စီး၊ မကား တစ်စီး အိမ်မှာ ရှိနေမှ မဟုတ်တာ။ ကိုယ့်ချွေးနဲစာနဲ့ ကားလေး တစ်စီးလောက်ရအောင် မနည်းရုန်းကန်နေရတာ။ အခု ဆီဆိုင်တွေမှာလည်း ဆီတန်းစီတာ မရှိတော့ စုံ/မစနစ် ပယ်ဖျက်ပေးဖို့ အမတ်တွေကိုလည်း တောင်းဆိုကြတယ်။ ပါတီအနေနဲ့လည်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ ဒီစုံ/မ ပယ်ဖျက်ဖို့ သက်ဆိုင်တဲ့ လူကြီးတွေဆီလည်း တင်ပြပါတယ်။ ဒါပေမယ့် ထိပ်ဆုံး(မင်းအောင်လှိုင်)က သဘောမတူဘူး” ဟု ကြံ့ဖွတ်ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
စုံ/မစနစ် ပယ်ဖျက်ပေးခြင်းသည် ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်နေသော အရေးကိစ္စဖြစ်သည်ကို ကြံ့ဖွတ်ပါတီနှင့် လက်ရှိ စွမ်းအင်ဝန်ကြီးဌာနအတွင်း နားလည်ကြကြောင်း၊ သို့ရာတွင် စွမ်းအင်ဝန်ကြီး ကိုကိုလွင်နှင့် မင်းအောင်လှိုင်တို့က ကမ္ဘာ့ စက်သုံးဆီ အကျပ်အတည်း မပြေလည်သရွေ့ စုံ/မစနစ် ဆက်လက်ထားရှိရန် သဘောထားမှတ်ချက်ပေးကြကြောင်း သိရှိရသည်။
ယင်းအပြင် ရန်ကုန်တိုင်းတစ်ခုတည်းတွင်သာ စုံ/မစနစ် ကားများ သွားလာနေရမှု ပယ်ဖျက်ပေးရန် ဇွန်လ ၉ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်တွင် ကြံ့ဖွတ် အမတ် သိန်းနိုင်က မေးမြန်းခဲ့သော်လည်း တိုင်းအစိုးရဝန်ကြီး မျိုးသော်က လတ်တလော ပယ်ဖျက်ပေးရန် မဖြစ်နိုင်ဘဲ ပြည်ထောင်စုအဆင့်က သတ်မှတ်ထားသည့်အတိုင်းသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
စစ်တပ်၏ ထုတ်ပြန်ချက်အရ နိုင်ငံတွင် စတင်ကျင့်သုံးခဲ့သော စက်သုံးဆီ ချွေတာရေး စီမံချက်အရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုနှုန်းသည် တစ်ရက်လျှင် ဂါလန် ၁ သန်းကျော် သိသာစွာ လျော့ကျလာခဲ့ကြောင်း၊ ယင်းကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိ နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီသုံးစွဲမှု ထပ်မံလျှော့ချနိုင်ရန်အတွက် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV လျှပ်စစ်ကားများ အစားထိုး တင်သွင်းသည့်စနစ်ကိုလည်း အကောင် အထည်ဖော်နေပြီး ယာဉ်အို/ယာဉ်ဟောင်းများကို အပ်နှံခိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
လက်ရှိ မင်းအောင်လှိုင်က ကျင့်သုံးခိုင်းနေသည့် QR စနစ်နှင့် စုံ/မနစနစ်ကို ဖြေလျှော့ပေးရန် စက်သုံးဆီ တင်သွင်းရောင်းဝယ်ဖြန့်ရေး အသင်းဘက်ကလည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းသော်လည်း အောင်မြင်မှုမရရှိကြောင်း သိရှိရသည်။
“QR စနစ်ကြီးကို အင်ပိုတာတွေကလည်း မကြိုက်ကြဘူး။ အခု Normal PO သမားတွေလည်းတအားဒုက္ခရောက်ကြတယ်။ သူတို့ ချပေးနေတဲ့ ဆီခွဲတမ်းက လုံး၀ မလောက်ဘူး။ ပြည်သူကိုလည်း လုံလုံလောက်လောက် မရောင်းပေးနိုင်ဘူး။ ဆီကုမ္ပဏီကြီးတွေကတော့ ဆီပိုရအောင် နည်းလမ်းမျိုးစုံ နဲ့ လုပ်နေကြတာ။ ဥပမာဆိုရင် BOC ဆီဆိုင်လိုမျိုးပေါ့။ အခွန်ရုံးနဲ့ BOC နဲ့ ပေါင်းပီး စာရွက်ကလေး တစ်ရွက်နဲ့ လှုပ်ရှားလိုက်တာ နဲ့ စွမ်းအင်ဝန်ကြီးဌာနဘက်ကလည်း ဆီပိုချပေးတယ်။ ကျားကြီး ခြေရာကြီးဆိုသလို ဆီဆိုင်ကြီးတွေက ဆီပိုရနေတာ။ သာမန် ဆီဆိုင်တွေကတော့ ဆိုင်ပိတ်ထားရတာများတယ်” ဟု ဆီဆိုင်လုပ်ငန်းရှင်က ပြောဆိုသည်။
စစ်တပ်က ဒေါ်လာအသုံးပြုမှုများကို လျှော့ချသည့်စနစ်ကို ကျင့်သုံးနေခြင်းကြောင့် ဆီတင်သွင်းမှုများမှာလည်း တစ်နေ့တစ်ခြား လျှော့ကျလာနေကြောင်း၊ ဆီခွဲတမ်းလျှော့ချမှုများကြောင့် SME တစ်ပိုင်တစ်နိုင်ဆီဆိုင်များ ရပ်တည်ရခက်ခဲလာကြောင်း သိရှိရသည်။
“ဒေါ်လာမရှိတာနဲ့ မသုံးချင်တာနဲ့ ဆီကို အဓိက လာညစ်နေတာ။ လက်နက်ခဲယမ်းဝယ်တာကျတော့ ဒေါ်လာတွေ ဘုံးပေါလဟော သုံးနေတာ။ ဆီကို ကျတော့ လာချွေတာခိုင်းနေတာ။ QR စနစ်တောင် ဆီခွဲတမ်းက လုံလုံလောက် လောက်မချပေးဘူး။ QR ဖတ်သလောက်ပဲ ဆီပေးတယ်။ ပို့လိုက်ရတဲ့စာရင်းတွေကလည်း ဌာနပေါင်းစုံကို ပို့ရတာ” ဟု ဆီလုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။




