ရန်ကုန်၊ ဇွန် ၁၁
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရွာတောင်ဘက်ရှိ မကျီးစင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အဆိုပါကျေးရွာမှ အမျိုးသမီး ၂ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့တွင် စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းက မကျီးစင်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့စီးနင်းစဉ် အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ကျေးရွာနေ အမျိုးသမီး ၂ ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာမှုကြောင့် စလင်းမြို့နယ်အတွင်းရှိ ကံဆွယ်ကျေးရွာနှင့် စည်ဆွဲကျေးရွာတို့မှ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းကတော့ တညောင် ဓါတ်အားခွဲရုံမှာ အခြေစိုက်ထားတဲ့ စစ်ကြောင်းပါ။ စစ်တပ်က မကျီးစင်ကျေးရွာကို ဝင်ရောက်လာပြီးတော့ မကျီးစင်ကျေးရွာမှာရှိတဲ့ အသက် ၅၀နှစ်အရွယ် အမျိုးသမီး ၁ ဦးကို သေနတ်နဲ့ လှမ်းပစ်ခတ်တယ်။ ပြီးတော့ မကျီးစင်ကျေးရွာသူ အမျိုးသမီး ၂ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်။ လူလတ်ပိုင်း အမျိုးသား ၁ဦးကို ဖမ်းဆီး နှိပ်စက်တာတွေလုပ်တယ်။ နေအိမ်တွေကို မီးရှို့တာမျိုးတော့ မရှိဘူး။ ပြည်သူတွေ ဖမ်းဆီးတာမျိုးတော့ ရှိတယ်။ ဘယ်နှစ်ဦး အဖမ်းခံရတာကို အတိအကျ မသိရသေးဘူး။ စစ်ခွေး စစ်ကြောင်းကြောင့် ကံဆွယ်ကျေးရွာနှင့် စည်ဆွဲကျေးရွာက ပြည်သူ ခန့်မှန်းခြေ ၁၀၀၀လောက်ရှိသော ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရတယ်။ လက်ရှိမှာ စစ်ကြောင်းက တညောင်ရွာနား၀န်းကျင်မှာပဲ နေတယ်” ဟု စလင်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် တညောင်ရွာအနီးဝန်းကျင်၌ပင် ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး တော်လှန်ရေးတပ်များနှင့် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကာ စစ်ရေး တင်းမာနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




