25.2 C
Yangon

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသမှ အွန်လိုင်းကျားဖြန့်ငွေလိမ်လည်မှုများကြောင့် ဥရောပသမဂ္ဂ နိုင်ငံများတွင် ၁၂ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ဆုံးရှုံး

Must read

ရန်ကုန်၊ ဇွန် ၁၁

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနိုင်ငံများမှ အွန်လိုင်းကျားဖြန့်ငွေလိမ်လည်မှုများကြောင့် ဥရောပသမဂ္ဂ နိုင်ငံများတွင် ပြီးခဲ့သည့် ၁၂ လတာကာလအတွင်း ယူရိုဘီလီယံ ၅၀ ဝန်းကျင် အမေရိကန်ဒေါ်လာအားဖြင့် ၅၇ ဒသမ ၇ ဘီလီယံ ဆုံးရှုံးနေကြောင်း Global Anti-Scam Alliance (GASA) အဖွဲ့ က သတင်းထုတ်ပြန်သည်။

ဥရောပနိုင်ငံသားများမှာ အွန်လိုင်းလိမ်လည်မှု (Cyber Scam) များကြောင့် ယူရိုဘီလီယံနှင့်ချီ၍ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော်လည်း ယင်းလိမ်လည်မှုများ၏ နောက်ကွယ်တွင်ရှိသော အရှေ့တောင်အာရှ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုကွန်ရက်များကို နှိမ်နင်းရာတွင် ဥရောပသမဂ္ဂ (EU) က အမေရိကန်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့ထက် ပိုမိုနှေးကွေးနေကြောင်း ထောက်ပြထားသည်။

ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ဥရောပတွင်း အွန်လိုင်းလိမ်လည်မှုဆိုင်ရာ သုတေသနအစီ ရင်ခံစာအရ ဥရောပရှိ လူကြီး ၇၅ ရာခိုင်နှုန်းခန့်သည် ပြီးခဲ့သည့်နှစ်အတွင်း အွန်လိုင်းလိမ်လည်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ လေ့လာမှုကို Global Anti-Scam Alliance (GASA) အဖွဲ့က ဥရောပ ၁၅ နိုင်ငံရှိ လူဦးရေ ၂၂,၂၀၀ ခန့်ကို ကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ၁၂ လတာကာလအတွင်း ဥရောပတစ်ဝှမ်းတွင် အွန်လိုင်းလိမ်လည်မှုများကြောင့် ယူရိုဘီလီယံ ၅၀ (အမေရိကန်ဒေါ်လာ ၅၇.၇ ဘီလီယံ) ခန့် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ဥရောပနိုင်ငံများအနက် ဂျာမနီနိုင်ငံတစ်ခုတည်းတွင်တင် ယူရို ၁၀ ဒသမ ၆ ဘီလီယံခန့် ဆုံးရှုံးခဲ့ရပြီး၊ ဆွတ်ဇာလန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် ပျမ်းမျှငွေကြေးဆုံးရှုံးမှုအများဆုံး နိုင်ငံများဖြစ်ကြသည်။

အရှေ့တောင်အာရှဒေသမှာ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏ အဓိကဗဟိုချက် ဖြစ်လာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂနှင့် United States Institute of Peace တို့၏ ခန့်မှန်းချက်များအရ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် တစ်နှစ်လျှင် ယူရိုဘီလီယံ ၃၀ ကျော်အထိ အမြတ်အစွန်းများ ရှာဖွေနေကြကြောင်းသိရှိရသည်။

ကျားဖြန့် ငွေလိမ်လည် ကွန်ရက်အများစုကို တရုတ်ရာဇဝတ်ဂိုဏ်းများက နောက်ကွယ်မှ ကြိုးကိုင်နေခြင်းဖြစ်ပြီး၊ တရုတ်အစိုးရသည်လည်း ၎င်းတို့နိုင်ငံသားများ Ngweကြေးလိမ်လည်ခံရမှု မြင့်တက်လာ၍ မြန်မာပြည်တွင်းစစ်အတွင်းရှိ သက်ဆိုင်သူများကို ဖိအားပေးကာ နှိမ်နင်းမှုများ ပြုလုပ်ခိုင်းခဲ့သလို၊ ကမ္ဘောဒီးယားနိုင်ငံကိုလည်း တရုတ်နိုင်ငံဖွား လိမ်လည်သူများကို ပြန်လည်လွှဲပြောင်းပေးရန် ဖိအားပေးခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တင်းမာမှုများ၌လည်း အွန်လိုင်းလိမ်လည်မှုစန်းများ တည်ရှိနေခြင်းကြောင့် ထိုင်းနိုင်ငံအတွက် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သဖြင့် ထိုင်းအာဏာပိုင်များက နယ်စပ်ဖြတ်သန်းမှုများနှင့် ထောက်ပံ့ရေးလိုင်းများကို ဖြတ်တောက်ကာ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရသည်။

အမေရိကန်က နှိမ်နင်းမှုများကို ပြင်းထန်စွာလုပ်ဆောင်နေသော်လည်း အီးယူက နောက်ကျကျန်နေ

ဝါရှင်တန်အစိုးရသည် ဘရပ်ဆဲလ် (EU) ထက် အရှေ့တောင်အာရှ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို ပိုမိုပြင်းထန်စွာ အရေးယူဆောင်ရွက်ထားသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဗြိတိန်နှင့်ပူးပေါင်းကာ ကမ္ဘောဒီးယားအခြေစိုက် Prince Group အဖွဲ့အစည်းနှင့် ဆက်နွှယ်သူ ၁၄၆ ဦးကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သလို၊ ၎င်းအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ချန်ကျိ (Chen Zhi) ကိုလည်း လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှုများဖြင့် တရားစွဲဆိုကာ ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ ဘစ်ကွိုင် (Bitcoin) များကို သိမ်းဆည်းခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားရှိ Huione Group အဖွဲ့အစည်းနှင့် အာဏာရ ဟွန်မိသားစုနှင့် နီးစပ်သည့် ခရိုနီများကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။

သို့သော်လည်း အီးယူ (EU) အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံရှိ ချစ်လင်းမြိုင်အုပ်စု နှင့် ဆက်နွှယ်သူ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ၃ ဦးကိုသာ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ဖူးပြီး၊ အခြားပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

GASA ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဘရိုင်ယန် ဒီ ဟန်လီ (Brian D. Hanley) က “အမေရိကန်၊ တရုတ်၊ ဗြိတိန်တို့နဲ့ နှိုင်းယှဉ်ရင် ဥရောပဟာ အရှေ့တောင်အာရှရဲ့ အွန်လိုင်းလိမ်လည်မှု ဂေဟစနစ်ကို နှိမ်နင်းရာမှာ မြင်သာတဲ့ ပါဝင်ပတ်သက်မှု နည်းပါးနေပါသေးတယ်။ ဝမ်းနည်းစရာက ဒီကွန်ရက်တွေကို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပြဿနာလို့ မရှုမြင်ဘဲ ဒေသတွင်းပြဿနာတစ်ခုအနေနဲ့ပဲ မြင်နေကြလို့ပါ” ဟု ပြောကြားသည်။

လက်ရှိတွင် အီးယူသည် ၎င်းတို့၏ မူဝါဒများကို ပြောင်းလဲရန် ပြင်ဆင်လာသည့် အရိပ်အမြွက်များ ရှိနေပြီး ပြီးခဲ့သည့် ဧပြီလအတွင်းက ဘန်ကောက်မြို့တွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ-အီးယူ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

ဘရူနိုင်းတွင် ပြုလုပ်သည့် ၂၅ ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးများအဆင့် အစည်းအဝေးတွင်လည်း အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစခန်းများကို ပူးပေါင်းနှိမ်နင်းရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လအတွင်း ဗီယင်နာမြို့၌ ပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့လိမ်လည်မှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေး (Global Fraud Summit) တွင် အီးယူ ပြည်ထဲရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကော်မရှင်နာမင်းကြီး မက်ဂ်နပ်စ် ဘရွန်နာ (Magnus Brunner) က အီးယူအနေဖြင့် ဒီဂျစ်တယ်လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (EU Action Plan) တစ်ရပ်ကို ၂၀၂၆ ခုနှစ် နွေရာသီမတိုင်မီ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သုတေသီများကမူ အီးယူအနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို သာမန်စားသုံးသူ လိမ်လည်ခံရမှုအဆင့်ထက် ကျော်လွန်၍ ဖွဲ့စည်းပုံပျက်ပြားစေသည့် ရာဇဝတ်မှုနှင့် လူကုန်ကူးမှုပြဿနာအဖြစ် သတ်မှတ်ကာ၊ နည်းပညာကုမ္ပဏီများနှင့် လူမှုကွန်ရက်စာမျက်နှာများကို ပိုမိုတင်းကြပ်သည့် စည်းမျဉ်းများ၊ ပိတ်ဆို့မှုများဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ထောက်ပြထားကြသည်။

(DW က ဖော်ပြထားသည့် Rising cyberscam losses expose gaps in EU response ကို ဘာသာပြန်ဆို ဖော်ပြပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article