25.2 C
Yangon

မြန်မာ့လူငယ်များ ကြောက်လန့်မှု ကင်းကင်း၊ လူဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ခွင့် ကင်းမဲ့နေပြီး မျိုးဆက်တစ်ခုလုံး ဆုံးရှုံးမည့်အန္တရာယ်ရင်ဆိုင်နေရဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

Must read

ရန်ကုန်၊ ဇွန် ၁၁

မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေးကဏ္ဍများတွင် ထိခိုက်မှုများကို ရင်ဆိုင်နေရရုံမျှမက ကြောက်လန့်မှုကင်းကင်းဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင် သန်ရပ်တည်နိုင်ခွင့်များ ကင်းမဲ့နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တင်ပြပြောဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း ပြုလုပ်ခဲ့သည့် UNDP/ UNFPA/ UNOPS အမှုဆောင်ဘုတ်အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးအ တွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယင်းကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ- UNDP အစီအရင်ခံစာ၏ ဖော်ပြချက်များအရ မြန်မာ့လူငယ်များသည် လိုအင်ဆန္ဒများကို အကောင် အထည်ဖော်နိုင်ခွင့်၊ ကြောက်လန့်မှုကင်းကင်းဖြင့် ရှင်သန်နိုင်ခွင့်နှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်ခွင့်များ ကင်းမဲ့နေကြရပြီး၊ လက်ရှိတွင် မြန်မာနိုင်ငံသည် မျိုးဆက်တစ်ဆက်လုံး ဆုံးရှုံးရမည့် ကြီးလေးသောအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက သတိပေးသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထုများသည် ရာသီဥတုဆိုင်ရာ ထိ ခိုက်မှုများနှင့် သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကိုသာမက၊ စစ်အာဏာသိမ်းစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ခွဲခြားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများနှင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများအပါအဝင် ဖြတ်လေးဖြတ် မူဝါဒ သို့မဟုတ် မီးရှို့ဖျက်ဆီးသည့် မူဝါဒ (scorched-earth policies) ၏ ဒဏ်ကိုပါ အပြင်းအထန် ခံစားနေကြရကြောင်း ထောက်ပြသည်။

ယခုကဲ့သို့သော အခြေအနေဆိုးများအောက်တွင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဆန်းသစ်တီထွင်သော နည်းလမ်းများမှတစ်ဆင့် ရပ်ရွာလူထု၏ အခက်အခဲများကို ခံနိုင်မှုစွမ်းရည် (community resilience) မြှင့်တင်ဆောင်ရွက်ခြင်းသည် မဟာဗျူဟာအရ မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်လာကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကြိုတင်သတိပေးစနစ်များ (early warning systems) ကို မြန်မာနိုင်ငံ၏ ပဋိပက္ခဒဏ်ခံဒေသများတွင် အရပ်သားပြည်သူများကို ကာကွယ်ပေးနိုင်သည့် အသက်ကယ်ကိရိယာများအဖြစ် အသွင်ပြောင်းလဲအသုံးချနိုင်သည်ဟု ယုံကြည်ရှုမြင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံရှိ အဓိက တိုင်းရင်းသားဒီမိုကရေစီအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် ပူးပေါင်းညှိနှိုင်းပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ် (state building) ကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ၎င်းက အသိပေးသည်။

မြန်မာနိုင်ငံတွင် ဖျက်ဆီးအကြမ်းဖက်လျက်ရှိသော စစ်အုပ်စုက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတက်ရေးကို တည်ဆောက်ရန် စစ်မှန်သော အခန်းကဏ္ဍနှင့် ဆန္ဒမရှိကြောင်း ထင်ရှားနေသဖြင့်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများကို ပံ့ပိုးကူညီကြရန် သံအမတ်ကြီးက နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article