ရန်ကုန်၊ ဇွန် ၁၂
ရန်ကုန်မြို့တွင် အမေရိကန်သံတမန်ကို သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံသူ အမျိုးသမီးကို ကမာရွတ်မြို့နယ် တရားရုံးတွင် လူသတ်မှုဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း AP သတင်းတစ်ရပ်အရ သိရှိရသည်။
လွန်ခဲ့သည့် တစ်လခန့် ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခု၌ အမေရိကန်သံတမန်တစ်ဦး သေဆုံးနေသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံရှိ တရားရုံးတစ်ခုတွင် လူသတ်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း အမှုနှင့်နီးစပ်သော ရှေ့နေနှစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ထိုင်းအမျိုးသမီးသည် ကြာသပတေးနေ့ (ဇွန်လ ၁၁ ရက်) က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တရားရုံးတွင် လာရောက်ရုံးထုတ် စစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံသူကို လူသတ်မှုပုဒ်မအပြင် မြန်မာ နိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်သည့် နိုင်ငံခြားသားများကို အရေးယူသည့် လူဝင်မှု ကြီးကြပ်ရေးဥပဒေပုဒ်မဖြင့်ပါ ပူးတွဲတရားစွဲဆိုထားကြောင်း ရှေ့နေတစ်ဦးက ဆိုသည်။
အဆိုပါ တရားခွင်ကြားနာမှုတွင် တရားခံအမျိုးသမီးအနေဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် ၁၀ နှစ်မှသည် သေဒဏ်အထိ ကျခံရနိုင်သည့် အခြေအနေရှိသော်လည်း၊ ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခြင်း ရှိ၊ မရှိ နှင့် ရှေ့နေငှားရမ်းခွင့် ရ၊ မရ ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ရန်ကုန်တွင် အသတ်ခံခဲ့ရသော အမေရိကန်သံတမန်ကို မေလ ၁၁ ရက်နေ့က အမေရိကန်သံရုံးနှင့် ၁ ဒသမ ၅ ကီလိုမီတာ (၁ မိုင်ခန့်) ကွာဝေးပြီး သံတမန်များနှင့် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များ အလာများသည့် စကူရာမှတ်တိုင်အနီးရှိ Sakura Residence ဟိုတယ်တွင် သေဆုံးလျက်သား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရှေ့နေတစ်ဦးက အတည်ပြုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားသော်လည်း သေဆုံးသူ၏ အမည်အပါအဝင် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်ဆေးရေးလုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့၊ တရားခံကို ဖမ်းဆီးထိန်းသိမ်းထားသည့် ထောင်အာဏာပိုင်များနှင့် ကမာရွတ်မြို့နယ်တရားရုံးတို့က ယခုအမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆန်ထားကြသည်။
ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှပစိဖိတ်မီဒီယာဗဟိုဌာနကလည်း အမေရိကန်လေ့လာသူများ တရားခွင်သို့ တက်ရောက်ခြင်း ရှိ၊ မရှိ မေးမြန်းမှုကို မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးသို့သာ လွှဲပြောင်းမေးမြန်းခိုင်းခဲ့ပြီး၊ အမေရိကန်သံရုံးဘက်ကမူ မူလထုတ်ပြန်ချက်အတိုင်းသာ ပြန်လည်ဖြေကြားကာ အသေးစိတ်ကို မြန်မာအာဏာပိုင်များထံသာ မေးမြန်းရန် ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဖမ်းဆီးခံထားရသည့် ၎င်းတို့နိုင်ငံသူအတွက် ကောင်စစ်ဆိုင်ရာ အကူအညီများ ပေးအပ်နေကြောင်း ပြောကြားထားသော်လည်း ကြာသပတေးနေ့ တရားခွင်အတွက် ဥပဒေကြောင်းအရ အကူအညီ ပေးနိုင်ခဲ့ခြင်း ရှိ၊ မရှိကိုမူ ချက်ချင်း သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ဓာတ်ပုံ- AFP ။




