ရန်ကုန်၊ ဇွန် ၁၂
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း၌ အကြီးအကျယ် လည်ပတ်နေသော ကျားဖြန့် (အွန်လိုင်းငွေလိမ်) ဂိုဏ်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗူရို (FBI) နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က ပြောကြားလိုက်သည်။
ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရှောင် ကေ အိုနေးလ် (Sean K. O’Neill) နှင့်အတူ အမေရိကန် FBI ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ အင်ဒရူး ဘိုင်လေ (Andrew Bailey) အပါအဝင် အမေရိကန်သံရုံး ဥပဒေအရာရှိ ဘင်ဂျမင် ဂျီ ဗားstatusချူး (Benjamin G. Virtue) တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အစိုးရအိမ်တော်သို့ လာရောက်၍ ဝန်ကြီးချုပ် အနုတင်နှင့် တွေ့ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ခွ၍ လည်ပတ်နေသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခု လာရောက်တွေ့ဆုံမှုသည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် “ဒီဂျစ်တယ်ခေတ်အတွင်း နယ် စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများကို နှိမ်နင်းရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သော (၂၆) ကြိမ်မြောက် FBI အမျိုးသားအကယ်ဒမီမဟာမိတ်အဖွဲ့ (FBINAA) အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် ရတ်ချဒါ သနဒီရက် (Ratchada Thanadirek) ၏ ပြောကြားချက်အရ ဝန်ကြီးချုပ် အနုတင်က ယခုခေတ်တွင် ဆိုက်ဘာရာဇဝတ်မှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကဲ့သို့သော လုံခြုံရေးခြိမ်းခြောက်မှုများသည် ပိုမိုရှုပ်ထွေးလာပြီး နယ်နိမိတ်မရှိ ဖြစ်လာသော ကြောင့် မည်သည့်နိုင်ငံမျှ တစ်ဦးတည်း ဖြေရှင်း၍မရကြောင်း၊ ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် နည်းပညာ၊ လူသားအရင်းအမြစ်နှင့် သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးစနစ်များကို မြှင့်တင်ကာ FBI အပါအဝင် နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းထောက်များက ထိုင်းဝန်ကြီးချုပ်ကို အမေရိကန် FBI နှင့် မည်သည့်အချက်များကို အဓိကထား ဆွေးနွေးခဲ့သနည်းဟု မေးမြန်းရာတွင် ဝန်ကြီးချုပ် အနုတင်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် “ထိုင်းနိုင်ငံ၏ လုပ်ဆောင်ချက်များကို ကဏ္ဍစုံမှာ ချီးကျူးခဲ့ကြသည်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
ညီလာခံဖြစ်မြောက်အောင် စီစဉ်သူများနှင့် FBI တာဝန်ရှိသူများက ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် အရေးပါသော ပါတနာနိုင်ငံဖြစ်ကြောင်း ချီးကျူးခဲ့ကြပြီး၊ အထူးသဖြင့် ထိုင်းအာဏာပိုင်များ၏ ထောက်လှမ်းရေးသတင်း မျှဝေမှု၊ စုံစမ်းစစ်ဆေးမှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ မြန်မာနယ်စပ်အခြေစိုက် ကျားဖြန့် (Call Centre) ဂိုဏ်းများ၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရာဇဝတ်ကောင်များကို ထိရောက်စွာ အရေးယူနိုင်ခြင်း၊ ရာဇဝတ်မှုမှရရှိသော ဒစ်ဂျစ်တယ်ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို လိုက်လံသိမ်းဆည်းနိုင်ခြင်းနှင့် လူကုန်ကူးခံရသည့် သားကောင်များကို ကူညီပေးနိုင်ခြင်းစသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
ထိုင်းရတ် (Thairath) သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ တ ရားဥပဒေစိုးမိုးရေးနှင့် ရဲတပ်ဖွဲ့ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်






