ရန်ကုန်၊ ဇွန် ၁၂
မြန်မာစစ်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အလုပ်သမားအခွင့် အရေး နှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေသည့်အတွက် အရေးယူမှုများ ဆက်လက် ဆောင်ရွက်ရန် ILO ညီလာခံ၏ မြန်မာ့အရေး အထူးအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) ၏ (၁၁၄) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာ နိုင်ငံ၏ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ “မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး” တစ်ရပ်ကို ကျင်းပခဲ့ပြီး စစ်ကောင်စီ၏ ချိုးဖောက်မှုများအပေါ် အနီး ကပ်စောင့်ကြည့် အရေးယူမည့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးရာဦးစီးဌာန က သတင်းထုတ်ပြန်သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန်လ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါ အထူးအစည်းအဝေး၌ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ကာကွယ် ရေးဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၈၇) နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၂၉) တို့ကို စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေမှုများအပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။
အထူးသဖြင့် စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အရပ်ဘက်လွတ်လပ်ခွင့်များ ပျက်စီး ယိုယွင်းလာမှု၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများအပေါ် အကြမ်းဖက်ခြင်း၊ မတရားဖမ်းဆီး ညှဉ်းပန်းခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ကော်မတီက ဖော်ပြခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ အထွေထွေရွေးကောက်ပွဲအပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိကြောင်း မှတ် ချက် ပြုခဲ့ကာ ကလေးသူငယ်များအား အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းနှင့် အခြားအဓမ္မလုပ်အားပေးခိုင်းစေမှုပုံစံများ အပါအဝင် စစ်တပ်မှ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ဆက်လက်အသုံးပြုနေခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချသည်။
မြန်မာစစ်အာဏာပိုင်များအနေဖြင့် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအပေါ် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ဟူသော အချက်အလက်အပြည့်အစုံကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ထက် နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရန် တောင်းဆိုထားသည်။
အဆိုပါ တင်ပြချက်များကို လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ၃၅၈ ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးတွင် ဆက်လက်တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကော် မတီအနေ ဖြင့် ယခုအထူးအစည်းအဝေး၏ ဆွေးနွေးချက်များနှင့် နိဂုံးချုပ်ဆုံးဖြတ်ချက်များကို ညီလာခံ အစီရင်ခံစာ၏ သီးခြားကဏ္ဍတစ်ခုအနေဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဆုံး ဖြတ်ခဲ့သည်ဟု သိရှိရသည်။






