ရန်ကုန်၊ ဇွန် ၁၂
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဆိုင်ကယ်စီးလာသူများကို ဓားထောက်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်၍ ဓားပြတိုက် ဆိုင်ကယ်လုယက်ခဲ့သူများမှာ စစ်တပ်လက် အောက်ခံ တရားဝင် စစ်မှုထမ်းကတ်ပြားကိုင်ဆောင်ထားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ကျေးရွာလုံခြုံရေးပျူစောထီးများ ဖြစ်နေကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ပုသိမ်ကြီးမြို့နယ်အဝင် ဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်စီးလာသည့် စုံတွဲတစ်တွဲကို ဓားထောက်၍ ဆိုင်ကယ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ဆိုင်ကယ်လုယက်သူ ၂ ဦးမှာ ပုသိမ်ကြီးမြို့နယ်၊ မြို့မ ၂ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ဖြစ်နေသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။
ဖမ်းဆီးရမိသူ ပြည်သူ့စစ် ၂ ဦးမှာ ပုသိမ်ကြီးမြို့နယ်၊ မြို့မ ၂ ရပ်ကွက်တွင် နေထိုင်ကြသည့် မျိုးဇင်ထွန်းနှင့် နိုင်ဇော်ဦး တို့ဖြစ်ပြီး သူတို့ ၂ ဦးမှာ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက တရားဝင် “ပြည်သူ့စစ်အဖွဲ့ဝင်” များအဖြစ် အသိအမှတ်ပြုထားသူများ ဖြစ်ကြောင်း၊ လတ်တလောတွင် သူတို့ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် သက်ဆိုင်ရာ တပ်နယ်သို့ ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင်လည်း လမ်းသွားလမ်းလာတစ်ဦးကို ရိုက်နှက်၍ ဆိုင်ကယ်လုယက်ခဲ့သည့် အမျိုးသား ၄ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါ တရားခံ ၄ ဦးမှာ ရပ်ကွက်လုံခြုံရေးအတွက် သတင်းပေးအဖြစ် တာဝန်ယူနေသော ပျူစောထီးများဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့် ၁၂၃ လမ်းအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်ကာ ဆိုင်ကယ်လုယက် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပြီး ယင်းအမှုကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ) ၈၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဆိုင်ကယ်လုယက်ခဲ့သည့် တရားခံ အသက် ၂၀ အရွယ် မျိုးသန့်ဇော် (ခ) သီဟဇော် (ခ) ဒီဒိုင်းကို ဇွန်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်းနှင့် ၁၁၆ လမ်း ထောင့်ရှိ “ပုဂံဘီယာဆိုင်” ၌ သောက်စားနေစဉ် စတင်ဖမ်းဆီးရမိခဲ့သည်။
မျိုးသန့်ဇော် (ခ) သီဟဇော် (ခ) ဒီဒိုင်း ၏ ထွက်ဆိုချက်အရ လုယက်မှုတွင် အတူတူပါဝင်ခဲ့ကြသည့် ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသော စိုင်းဇူးဇူးမောင် ၊ စိုင်းသူရထွန်း (ခ) ဟုတ်ပ နှင့် ကုလားကြီးခြံကျေးရွာတွင် နေထိုင်သည့် အောင်သူရကျော် (ခ) ဖိုးချစ် တို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဆိုင်ကယ်လုယက်မှုအတွက် ဖမ်းဆီးရရှိသည့် တရားခံများမှာ ကျေးရွာ လုံခြုံရေးအတွက် စစ်တပ်နှင့်ရဲများထံသို့ သတင်း ပေးပို့ရန် မွေးမြူထားသော ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်






