25.8 C
Yangon

စစ်တက္ကသိုလ်များ၊ တပ်သင်တန်းကျောင်းများနှင့် တပ်ရင်းတပ်ဖွဲ့ စစ်ဌာနချုပ်များတွင် တပ်ချုပ်သစ်ရဲဝင်းဦး၏ ဓာတ်ပုံကို ချိတ်ဆွဲခြင်းမပြုဘဲ မင်းအောင်လှိုင်ဓာတ်ပုံကိုသာ တပ်အကြီးအကဲအဖြစ် ဆက် လက်ချိတ်ဆွဲထား

Must read

ရန်ကုန်၊ ဇွန် ၁၃

နိုင်ငံတစ်ဝန်းရှိ စစ်တက္ကသိုလ်များ၊ တပ်သင်တန်းကျောင်းများနှင့် တပ်ရင်းတပ်ဖွဲ့ စစ်ဌာနချုပ်များတွင် တပ်ချုပ်သစ်ရဲဝင်းဦး၏ ဓာတ်ပုံကို ချိတ်ဆွဲခြင်းမပြုဘဲ မင်းအောင်လှိုင်ဓာတ်ပုံကိုသာ တပ်အကြီးအကဲအဖြစ် ဆက် လက်ချိတ်ဆွဲထားဆဲဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်၊ စစ်တပ်ရုပ်မြင်သံကြားဌာန၏ သတင်းကြေညာချက်များအရ သိရှိရသည်။

ယမန်နေ့ တပ်ချုပ်သစ် ရဲဝင်းဦးက စစ်တပ် လူငယ်ပညာရေး သင်တန်းကျောင်းနှင့် စစ်မှုထမ်း ဟောင်းအိမ်ရာ (နေပြည်တော်)တို့ကို သွားရောက်စစ်ဆေးရာတွင် အစည်းအဝေးခန်းမများအတွင်း စစ်တပ်အကြီးအကဲအဖြစ် မင်းအောင်လှိုင်၏ ဓာတ်ပုံကိုသာ ဆက်လက် ချိတ်ဆွဲထားပြီး ယင်းအစည်းအဝေး ခန်းမကို ရဲဝင်းဦးနှင့်စစ်ခေါင်းဆောင်များက အစည်းအဝေးလုပ်နေပုံများကို စစ်တပ်သတင်းဌာနများက သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် မေလနှင့်ယခု ဇွန်လဆန်းပိုင်းအတွင်း ရဲဝင်းဦးနှင့် ကျော်စွာလင်းတို့က တပ်နယ်များကို သွားရောက်စစ်ဆေးရာတွင်လည်း စစ်တပ်အစည်းအဝေး ခန်းမများတွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို စစ်တပ်အကြီးအကဲနေရာတွင် ဆက်လက် ချိတ်ဆက်ဆွဲထားခဲ့သည်။

မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်တပ်ချုပ်ရာထူးမှ အနားယူခဲ့ပြီး သူ၏ လူယုံ ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တပ်ချုပ်သစ်ဖြစ်သော ရဲဝင်းဦး၏ ဓာတ်ပုံကို စစ်တပ်အကြီးအကဲအဖြစ် ပြောင်းလဲ မချိတ်သေးဘဲ မင်းအောင်လှိုင်၏ဓာတ်ပုံကို သာ ဆက်လက် လက်ခံချိတ်ဆွဲထားခြင်းမှာ တပ်အပေါ် မင်းအောင်လှိုင်၏ အမိန့်နှင့် ဩဇာ ညောင်းနေဆဲဆိုသည့် အဓိပ္ပာယ်လည်း သက်ရောက်သည်ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

“ယခင်တပ်ချုပ်ဟောင်းရဲ့ ဩဇာ ညောင်းနေဆဲဆိုတာက လက်ရှိ တပ်ချုပ်အသစ်က ဩဇာခံနေဆဲဆိုတာမျိုးဆိုရင် ပိုမှန်တယ်။ ဒီနေ့ တပ်ချုပ်အသစ်က သူ့ဓာတ်ပုံကို ချိတ်ကြလို့ အမိန့်ပေးရင် တပ်အားလုံးနဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ မဖြစ်မနေ ချိတ်ဆွဲရမှာပါ။ ဒါပေမယ့် အခု တပ်ချုပ်အသစ် ဓာတ်ပုံကို မချိတ်သေးဘဲ ယခင် တပ်ချုပ်အဟောင်းဓာတ်ပုံကိုပဲ တပ်မတော်အကြီးအကဲ အဖြစ် ဆက်လက်ချိတ်ဆွဲတယ်ဆိုတာက ဒါနဲ့ပတ်သက်လို့ အပြောင်းအလဲ လုပ်ဖို့ တပ်ချုပ်အသစ်က အမိန့်မပေးသေးလို့ဖြစ်ပါတယ်။ တပ်ချုပ်အသစ်ဟာ တပ်ချုပ်အဟောင်းရဲ့ အမိန့်နဲ့ ဩဇာကို ဆက်လက်ခံယူပြီး တပ်ကို အုပ်ချုပ်နေတယ်လို့ အဓိပ္ပာယ်ထွ့က်ပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုဇွန်လအတွင်း စစ်တပ်ရာအထူးအပြောင်းအလဲများအဖြစ် စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေး- ကပစမှ ဒုတိယထုတ်လုပ်ရေးအရာရှိချုပ် ၂ ဦးအပါအဝင် စီနီယာစက်ရုံကြီးမှူးများနှင့် ဌာနကြီးမှူး စစ်အရာရှိကြီးများကို ရာထူးမှ ဖယ်ရှားခဲ့ရာတွင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်မှာ တပ်ချုပ်ရာထူးမှ အနားယူထားသော်လည်း ယခုကဲ့သို့ စစ်ဗိုလ်ချုပ်များကို ဖယ် ရှားအပြောင်းအလဲလုပ်ခြင်းကို ၎င်း၏ အမိန့်ဖြင့်သာ လုပ်ဆောင်ခဲ့သည်။

မင်းအောင်လှိုင်က စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ဌာနများမှ စစ်အရာရှိကြီးများကို ဖယ်ရှားအပြောင်းအလဲလုပ်ရာတွင် ဒုတိယထုတ်လုပ်ရေးအရာရှိချုပ်(စစ်လက်နက်ပစ္စည်း) ဗိုလ်ချုပ် မျိုးအောင် နေရာတွင် ဗိုလ်ချုပ် နေမျိုးကိုလည်းကောင်း၊ ဒုတိယထုတ်လုပ်ရေးအရာရှိချုပ် (အကြီးစား) ဗိုလ်ချုပ် ဌေးအောင် နေရာတွင် ဗိုလ်ချုပ် ညီညီအောင်ကိုလည်းကောင်း ခန့်အပ်ခဲ့သည်။

ယင်းအပြင် အမြောက် လက်နက်ဌာနကြီး (ထုတ်-၅) ဌာနကြီးမှူးအဖြစ် ဗိုလ်မှူးချုပ် ဝင်းမြင့်မောင်၊ ဒုံးလက်နက်ဌာနကြီး(ထုတ်- ၆) ဌာနကြီးမှူးအဖြစ် ဗိုလ်မှူးချုပ် ဇော်ရဲထွေး တို့ကိုလည်းကောင်း ပြောင်းလဲခန့်အပ်လိုက်သည့်အပြင် လက်နက်ထုတ်လုပ်ရေး ကပစစက်ရုံများ၏ စက်ရုံမှူး (တပ်မှူး) နေရာ အများအပြားကိုလည်း ပြောင်းလဲခန့်အပ်ခဲ့သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article