25.8 C
Yangon

ထိုင်းတွင် ဇနီးဖြစ်သူကို အပိုင်းပိုင်းဖြတ် သတ်ဖြတ်ပြီး ထွက်ပြေးလာသည့် စားဖိုမှူး အောင်ပြည့်ကို ဟင်္သာတမြို့တွင် ရဲတပ်ဖွဲ့ ဖမ်းမိ

Must read

ရန်ကုန်၊ ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇနီးဖြစ်သူအား ရက်စက်စွာ သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းဖြတ်ကာ ပုံးအတွင်းထည့်သွင်းဖျောက်ဖျက်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်လာသည့် တရားခံ ခင်ပွန်းဖြစ်သူ အောင်ပြည့်ကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာတစ်ခုဖြစ်သော SH အထူးဟစ်တိုင်က သတင်းဖော်ပြသည်။

ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်းဒန်း (Din Daeng) ခရိုင်အတွင်း လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံ အောင် ပြည့်ကို ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ဖမ်း ဆီးရရှိသူမှာ အသက် ၃၆ နှစ်အရွယ် တရားခံ အောင်ပြည့် (ခ) အောင်ပေ (ဘ) ဦးသိန်းထွဋ်စိုးဖြစ်ကြောင်း သိရှိရသည်။

တရားခံ အောင်ပြည့်သည် ထိုင်းနိုင်ငံ၊ ရာခ်ျပရာရော့ (Rajprarop) လမ်းသွယ် ၁ ရှိ တိုက်ခန်းနေအိမ်အဆောင်တစ်ခုတွင် ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီး မအေးအေးနွဲ့ကို သတ်ဖြတ်ခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းအမှတ် 3342/2569 ဖြင့် လိုက်လံရှာဖွေနေသည့် တရားခံပြေးတစ်ဦးဖြစ်သည်။

အဆိုပါ ရက်စက်ကြမ်းကြုတ်သော လူသတ်မှုဖြစ်စဉ်မှာ သေဆုံးသူ မအေးအေးနွဲ့နှင့် ရက်အတော်ကြာ ဖုန်းအဆက်အသွယ်မရသဖြင့် စိတ်ပူနေသော ဆွေမျိုးဖြစ်သူ မြန်မာနိုင်ငံသား မောင်အောင်မျိုးဝင်းက ဘန်ကောက်မြို့၊ ဒင်းဒန်းရဲစခန်းသို့ သွားရောက်တိုင်ကြားကာ အကူအညီတောင်းခံရာမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ဆွေမျိုးဖြစ်သူ၊ တိုက်ခန်းပိုင်ရှင်တို့နှင့်အတူ လိုက်လံဖွင့်လှစ်ကြည့်ရှုရာတွင် အခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသည့် အထောက်အထားများနှင့်အတူ အပုပ်နံ့များ ပြင်း ထန်စွာ ထွက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက် အခန်းနောက်ဘက် ဝရန်တာရှိ အနက်ရောင် ပလတ်စတစ်သေတ္တာအကြီးကြီးအတွင်း ထည့်ထားသည့် အပိုင်းပိုင်းဖြတ်ထားသော အမျိုးသမီးအလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

မှုခင်းဆရာဝန်များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးချက်အရ သေဆုံးသူ၏ ဦးခေါင်း၊ ပုခုံးဆစ်မှ လက်မောင်းနှစ်ဖက်နှင့် ဒူးဆစ်မှ ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ထားသည့်အပြင်၊ ပေါင်နှစ်ဖက်ကိုလည်း ဖြတ်တောက်ရန် ကြိုးစားထားသည့် ဓားဒဏ်ရာကြီးများကို တွေ့ရှိရပြီး ဝမ်း ဗိုက်လည်း လှီးဖြတ်ခံထားရကာ သေဆုံးသည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း သိရသည်။

CCTV ကင်မရာမှတ်တမ်းများအရ ၎င်း၏လင်ယောက်ျားဖြစ်သူမှာ အခင်းဖြစ်ပွားပြီးနောက် ခရီးဆောင်အိတ်အကြီးကြီးတစ်ခုကို ဆွဲကာ တိုက်ခန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

သေဆုံးသူ မအေးအေးနွဲ့သည် ဘန်ကောက်မြို့ ခလုံတွဲ (Khlong Toei) ရှိ စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး၊ ကျူးလွန်သူ ခင်ပွန်းဖြစ်သူ မောင်အောင်ပြည့်မှာ ပေချာဘူရီ (Phetchaburi) လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့၏ ကနဦးသုံးသပ်ချက်အရ ယခုကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ရခြင်းမှာ အိမ် ထောင်ရေး ဖောက်ပြန်မှု သို့မဟုတ် အချစ်ရေးအပေါ် သဝန်တို စိတ္တဇအလွန်အကျွံဖြစ်မှုတို့ကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ အောင်ပြည့်အား ဟင်္သာတမြို့မရဲစခန်း၌ ထိန်းသိမ်းခေါ်ဆောင်ထားပြီး၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article