ရန်ကုန်၊ ဇွန် ၁၃
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြို့ပေါ်မှ ထွက်ခွာလာသော စစ်ကြောင်းသည် စစ်ပြဲကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာထဲရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်ထိ ထိုစစ်ကြောင်းသည် ပြန်လည် ဆုတ်ခွာခြင်းမရှိသေးဘဲ စစ်ပြဲရွာနှင့် ညင်းမော်ရွာတွင် တပ်စွဲထားပြီး ပြည်သူပိုင် နေအိမ်များ ပစ္စည်းများကို စိတ်ကြိုက်ဖောက်ထွင်း ယူဆောင်နေပြီး ဈေးဆိုင်များမှ စားသောက်ကုန် ပစ္စည်းများကို ခိုးယူစားသောက်နေကြောင်း သိရှိရသည်။
“အခုစစ်ခွေးစစ်ကြောင်းက ညင်းမော်နဲ့ စစ်ပြဲရွာတွေထဲမှာ ပြည်သူပိုင်ပစ္စည်းတွေကို စိတ်ကြိုက်ဖောက်ထွင်းခိုးယူပြီး သူတို့ ရိက္ခာအတွက် ဈေးဆိုင်ထဲက ပစ္စည်းတွေကို ခိုးယူစားသောက်နေတာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ရေးကတော့ ဆက်လက် တင်းမာနေတုန်းပဲ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကြောင်းက ၂ ခုရှိတာပေါ့။ ကျန်တဲ့ တစ်ကြောင်းက ဆိပ်ပင်အင်းကျေးရွာထဲရောက်နေတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ဆိပ်ပင်အင်းကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရွာထဲမှ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို စစ်တပ်က လိုက်လံ ပစ်ခတ်ရာ ပြည်သူ ၂ ဦး ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်လည်း တပ်မ ၁၀၁ မှ ထွက်လာသော စစ်တပ် ယာဉ်တန်းနှင့် စစ်ကြောင်းကြောင့် လမ်းတောက်လျောက်ရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၂ ရက်နေ့တွင် ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၃၀၀ ကျော်နှင့် ယာဉ်တန်း ၃၃ စီးပါ စစ်ကြောင်းသည် ကန်တော်ရွာနှင့် ငဖောင်ကန်ရွာတို့၌ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆက်လက်ထွက်လာခွာပြီး ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာတချို့မှ ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် မည်သည့်နေရာကို ဆက်လက်ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ယင်း စစ်ကြောင်းတွင် ကမ္မမြို့၌ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းမှ စစ်သားများလည်း ပြန်လည် ပါဝင်လာသောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။
“စစ်ခွေးစစ်ကြောင်းက ဘယ်ကို ဦးတည်နေတယ်ဆိုတာတော့ မသိရသေးဘူး။ တိမ်းရှောင်ရတဲ့ရွာရယ်လို့တော့ သေချာမရှိသေးပေမယ့် တချို့ပြည်သူတွေက စိုးရိမ်စိတ်ပေါ့နော် ငါတို့နားများ ရောက်လာမလားဆိုပြီး ကြိုရှောင်နေတာလောက်ပဲရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – လောင်းလုံးမြို့နယ် အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူပိုင်နေအိမ် ( ပုံအဟောင်းဖြစ်သည်)





