ရန်ကုန်၊ ဇွန် ၁၃ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဇော်မိုးသည် ဇနီးဖြစ်သူ၏ မွေး နေ့အတွက် ငွေကျပ် သိန်း ၁၀၀ ကို ကိတ်မုန့်ထဲထည့်ကာ Surprise Gift အဖြစ် ပေးခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီးနောက် ၎င်းအား ရာထူးဆိုင်းငံ့နှင့် နယ်ပြောင်းမိန့် ချမှတ်ကာ အရေးယူလိုက်ပြီဖြစ်ကြောင်း ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ မွေးနေ့ပွဲကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်ဇန၀ါရီလအတွင်းက မိသားစုဝင်များ စုပေါင်းပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကို အုပ်ချုပ်ရေးမှူး၏ မိန်းမဖြစ်သူက လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့ရာမှ ၆ လခန့်အကြာ ယခု ဇွန်လအတွင်းတွင်မှ ပြည်သူများအကြား ဗီဒီယိုဖိုင် ပျံ့နှံ့သွားခဲ့ပြီး ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လူထုကြား ဝေဖန်မှုများ မြင့်တက်လာပြီးနောက် လက်ရှိ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဇော်မိုးကို ဇွန်လ ၁၂ ရက်နေ့တွင် အာဏာပိုင်များက တစ်ညလုံး ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြุလုပ်ခဲ့ပြီး၊ ရာထူးဆိုင်းငံ့ခြင်းနှင့် နယ်ပြောင်းရွှေ့ခြင်း အမိန့်များကို ချက်ချင်းချမှတ်ကာ အရေးယူလိုက်ခြင်းဖြစ်ကြောင်း ကလောခရိုင်ထွေအုပ် သတင်းရင်းမြစ်က ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှနေ၍ နေပြည်တော်သို့ ရာထူးတိုးဖြင့် ပြောင်းရွှေ့သွားသည့် အုပ်ချုပ်ရေးမှူး တင်အောင်လွင်၏ ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားတွင် ငွေကျပ် သိန်း ၇၀ ကျော် ကြဲချခဲ့သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးပြီး၊ ယင်းဖြစ်စဉ်သည်လည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ၏ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခြင်းကို ခံခဲ့ရဖူးသည်




