ရန်ကုန်၊ ဇွန် ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းရွာရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာရှိ တည်းခိုခန်းတစ်ခုရှေ့တွင် ကျွတ် ကျွတ်အိတ်ဖြင့် ထည့်ထားသော ဗုံးကို ဆေးစွဲနေသူ တစ်ဦးက လာရောက် ဖွင့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် ဆေးစွဲနေသူသည် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့ နံနက် ဗုံးပေါက်ကွဲတာမှာ ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့ ဗုံးကို ဆေးစွဲနေတဲ့ သူက လာဖွင့်ကြည့်တဲ့ အချိန် ပေါက်ကွဲမှု ဖြစ်တာ။ အလောင်းကိုတော့ လူမှုရေးအသင်းက လာရောက်ကောက်ယူသွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမရွာအနီးကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်အချိန် သင်းမရွာအနီးသို့ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“သင်းမရွာအနီးကို ဗုံးကျဲ တိုက်ခိုက်သွားတာပဲ သိရသေးပါတယ်။ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်း ဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၆ လုံးဖြင့် လေကြောင်းတိုက် ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ မင်းတပ်မြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – ယနေ့ ဖားကန့်မြို့၊ လုံးခင်းရွာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သယ်ယူနေစဉ်




