ရန်ကုန်၊ ဇွန် ၁၃
မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ် (Kelantan) အတွင်းသို့ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင် ငံသား ၃၅ ဦးနှင့် သယ်ယူပို့ဆောင်ပေးနေသည့် မလေးရှားနိုင်ငံသား ပွဲစား ၂ ဦးတို့ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ကလန်တန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၁၁ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီအချိန်တွင် ကလန်တန် လူဝင်မှုကြီးကြပ်ရေးအရာရှိများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်ရွှေ့ပြောင်းလုပ်သမားများ ခိုလှုံရာနှင့် သယ်ယူပို့ဆောင်နေသော လမ်းကြောင်းများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကလန်တန်ပြည်နယ်၊ ကိုတာဘာရူးမြို့ (Kota Bharu) ရှိ ဂျာလန် ကာဘွန် ဆူလ်တန် (Jalan Kebun Sultan) လမ်းနှင့် ကန်ပန်း တယ်တူဂျို (Kampung Tal Tujoh) ကျေးရွာအနီးတစ်ဝိုက်ကို စီးနင်းရှာဖွေခဲ့ကြသည်။
ယင်းသို့ ရှာဖွေစစ်ဆေးစဉ် ကလန်တန်ပြည်နယ်အတွင်းမှ တရားမဝင် မြန်မာအလုပ်သမားများကို ခိုးထုတ်သယ်ဆောင်ရန် ပြင်ဆင်နေသည့် မော်တော်ယာဉ် ၃ စီးကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါ ယာဉ်များပေါ်တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦး (အမျိုးသား ၅ ဦးနှင့် အမျိုး သမီး ၆ ဦး) ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ မလေးရှားနိုင်ငံသား လမ်းပြပွဲစား ၂ ဦးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ၃ စီးကိုလည်း အတူတကွ ဖမ်းဆီးသိမ်းဆည်းခဲ့သည်။
ထို့ပြင် အဆိုပါ ဖမ်းဆီးရမိသည့် နယ်မြေအနီးရှိ တောအတွင်းသို့ အာဏာပိုင်များက ဆက်စပ်ဝင်ရောက်ရှာဖွေခဲ့ရာ ပုန်းခိုနေသည့် တရားမဝင် မြန်မာနိုင်ငံသား ၂၄ ဦး (အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၇ ဦး) ကို ထပ်မံတွေ့ရှိရသဖြင့် ဖမ်းဆီးရရှိခဲ့ပြန်သည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၃၅ ဦးကို တရားမဝင် ခိုးဝင်ကာ နေထိုင်မှုဖြင့် ဖမ်းဆီးအရေးယူထားပြီး၊ ၎င်းတို့အား ကူညီပေးခဲ့သည့် မလေးရှားနိုင်ငံသား အမျိုးသား ၂ ဦးကိုလည်း လူကုန်ကူးမှုဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ စကူဒိုင်း (Skudai) မြို့တွင် Grab ကားယာဉ်မောင်းဖြစ်သူက ထိုင်ခုံခါးပတ်ပတ်ရန်နှင့် ဆူညံခြင်းမပြုရန် သတိပေးရာမှ အချင်းများပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် တရားမဝင် မြန်မာနိုင်ငံသား ၃ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားသတင်းများအရ သိရသည်။
ဇွန်လ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စကူဒိုင်းမြို့ တမန်သီရိယာကွပ် (Taman Sri Yaacob) တွင် အသက် ၅၆ နှစ်အရွယ် တရုတ်နွယ်ဖွား Grab ယာဉ်မောင်း အမျိုးသားတစ်ဦးသည် အရက်မူးနေသည့် မြန်မာခရီးသည် ၃ ဦးကို တင်ဆောင်ခဲ့သည်။
ကားမောင်းနေစဉ်အတွင်း အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးသည် ဆူညံစွာ ပြောဆိုပြုမူနေသဖြင့် ငြိမ်ငြိမ်နေရန်နှင့် ထိုင်ခုံခါးပတ် ပတ်ထားရန် ယာဉ်မောင်းက သတိပေးခဲ့ရာမှ အချင်းများ ရန်ဖြစ်ခဲ့ကြပြီး၊ မြန်မာ ၃ ဦးက မကျေမနပ်ဖြစ်ကာ ကိုယ်ထိလက်ရောက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ကားကို မထိန်းချုပ်နိုင်တော့ဘဲ လမ်းဘေးမြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း၊ သို့ရာတွင် မြန်မာ ၃ ဦးက ရိုက်နှက်ခြင်းကို ရပ်တန့်ခဲ့ခြင်းမရှိသဖြင့် မလေးရှားနိုင်ငံသား ယာဉ်မောင်းမှာ မျက်နှာတွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်ဗီဒီယိုမှာ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့ပြီးနောက် ပြင်းထန်သော ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ဇွန်လ ၁၀ ရက်နေ့တွင် ယာဉ်မောင်းဖြစ်သူက တိုင်ချက်ဖွင့်လှစ်ခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့က အမြန်ဆုံး စုံစမ်းဖော်ထုတ်ခဲ့ရာ ဇွန်လ ၁၂ ရက်နေ့တွင် အသက် ၂၂ နှစ်မှ ၃၉ နှစ်အတွင်းရှိ ကျူးလွန်သူ မြန်မာနိုင်ငံသား ၃ ဦးစလုံးကို စကူဒိုင်းမြို့၌ ဖမ်းဆီးရမိခဲ့သည်။
မလေးရှားရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့တွင် မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိသော်လည်း ပြစ်မှုကျူးလွန်ချိန်၌ အရက်အလွန်အကျွံ မူးယစ်နေခဲ့ကြပြီး ၎င်းတို့ ၃ ဦးစလုံးမှာ နိုင်ငံကူးလက်မှတ် (Passport) မရှိသည့် တရားမဝင် နေထိုင်သူများ ဖြစ်ကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသား ၃ ဦးကို သူတစ်ပါးအား ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု၊ ပုဂ္ဂလိကပိုင်ပစ္စည်းများကို ဖျက်ဆီးမှုနှင့် မလေးရှားနိုင်ငံအတွင်း တရားမဝင် ခိုးဝင်နေထိုင်မှုတို့ဖြင့် ဥပဒေအတိုင်း ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်






