25.8 C
Yangon

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် စစ်တပ်ထောက်ခံသော မဘသ ဘုန်းကြီး ဦးကောဝိဒက ဘုန်းကြီးကျောင်းဖွင့်လှစ် အခြေချရန် ကြိုးစားမှုအပေါ် တော်လှန်ရေးအင်အားစုများက ကန့်ကွက်တားဆီး

Must read

ရန်ကုန်၊ ဇွန် ၁၃

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် စစ်တပ်ထောက်ခံသော မဘသ ဘုန်းကြီး ဦးကောဝိဒက ဘုန်းကြီးကျောင်းထူထောင်ရန် ကြိုးပမ်းမှုအပေါ် ဒေသ တော်လှန်ရေးအင်အားစုများက ၀ိုင်းဝန်း ကန့်ကွက်တားဆီးနိုင်ခဲ့ကြောင်း အဆိုပါဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြန်မာ့နွေဦးတော်လှန်ရေးကို တက်ကြွစွာ အားဖြည့်ပံ့ပိုးနေသည့် ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းနှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာ (San Francisco Bay Area) ရှိ မြန်မာလူမှုအသိုင်းအဝိုင်းသို့ အခြေချရန် ကြိုးပမ်းလာသော စစ်တပ်လက်အောက်ခံ မဘသ ဗဟိုဦးဆောင် မဇ္ဈိမဂုဏ်ရည် ဘုန်းကြီး ဦးကောဝိဒ၏ ဘုန်းကြီးကျောင်း ထူထောင်မည့် အစီအစဉ်များကို ဒေသခံ ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများက အောင်မြင်စွာ ကန့်ကွက်တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်တပ်နှင့် ချိတ်ဆက်မှု ရှိနေသော မဘသအဖွဲ့ မှ ဘုန်းကြီး ဦးကောဝိဒက South San Francisco ဒေသတွင် ဘာသာရေးကို အကြောင်းပြကာ နေအိမ်တစ်လုံးကို ကျောင်းအဖြစ် ဝယ်ယူခဲ့ကြောင်း၊ ယင်းနောက် ဒေသတွင်းရှိ သံဃာတော်များနှင့် ဆရာ၊ ဒကာများကြား ယခင်ကတည်းက ရှိနေသော ကြည်ညိုလေးစားမှုနှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်ပြိုကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်လာခဲ့ကြောင်း၊ စစ်တပ်နှင့် နီးစပ်သော သူများ၏ အကူအညီဖြင့် ဒေသတွင်း ဆရာတော်များကို ဆွမ်းပင့်ကာ ၎င်းနှင့် တွဲဖက်၍ ဓာတ်ပုံများ ရိုက်ယူပြီး အဆိုပါ မှတ်တမ်းပုံများကို မြန်မာလူမှုအသိုင်း အဝိုင်းအတွင်း ဝါဒဖြန့်သည့်အနေဖြင့် ဖြန့်ဝေလာကြောင်း သိရှိရသည်။

ဆန်ဖရန်စစ္စကို ဘေးဧရိယာနှင့် မြောက်ပိုင်း ကယ်လီဖိုးနီးယား ဒေသမှာ နိုင်ငံရေးနှင့် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသော Alliance For Democracy, Free Burma Action Committee-Northern California, Help Myanmar, နှင့် Save Myanmar-San Francisco ကဲ့သို့သော အဖွဲ့အစည်းကြီးများ အခြေစိုက်ရာ အမာခံဒေသဖြစ်ကြောင်း၊ ယခင်နှစ်များကလည်း စစ်တပ်ထောက်ခံသော စစ်တပ်ဘက်တော်သား သဘာဝရိပ်သာ ဘုန်းကြီးကလည်း ယခုကဲ့သို့ ဘာသာရေးကို အကြောင်းပြကာ အခြေချရန် ကြိုးပမ်းခဲ့သော်လည်း ဒေသခံများ၏ ညီညွတ်စွာ တားဆီးကန့်ကွက်ခဲ့သဖြင့် သဘာ၀ရိပ်သာဘုန်းကြီး၏ အခြေချမည့် အစီအစဉ် ပျက်စီးသွားကြောင်း သိရှိရသည်။

ယခုတစ်ကြိမ်တွင်လည်း မဘသ ဘုန်းကြီးဖြစ်သော ဦးကောဝိဒ၏ အခြေချရန် ကြိုးစားပြီး ဘုန်းကြီးကျောင်းအဖြစ် စိတ် တိုင်းကျ မွမ်းမံပြင်ဆင်နေသော အဆိုပါ နေအိမ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံသို့ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့ရာ ဘုန်းကြီးကျောင်းအဖြစ် မွမ်းမံပြင်ဆင်ရေး လုပ်ငန်းများ ချက်ချင်းရပ်ဆိုင်းရန် တားမြစ်မိန့် (Stop-Work Order)ကို ဒေသအာဏာပိုင်များက ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

စစ်အာဏာရှင်နှင့် အကြမ်းဖက်စစ်တပ်ယန္တရားကို အားပေးထောက်ခံသော မဘသ အဖွဲ့၏ အခြေချရန် ကြိုးစားမှုများကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ငြင်းပယ်ခဲ့ကြခြင်းဖြစ် ကြောင်း၊ အကယ်၍ မဘသ ဘုန်းကြီးက ဆုတ်ခွာခြင်းမရှိဘဲ ထပ်မံ၍ ရှေ့ဆက်တိုးချဲ့လုပ်ဆောင်လာပါက ယခုထက် ပိုမို ပြင်းထန်ပြီး ကြီးမားကျယ်ပြန့်သော လူထုလှုပ်ရှားမှု ဆန္ဒပြပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article