ရန်ကုန်၊ ဇွန် ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ် မဘိမ်းမြို့နယ်တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် ဒဏ်ရာအပြင်းအထန် ရရှိသွားသဖြင့် စစ်ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ကာ နေပြည် တော် ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း CDM ဗိုလ်ကြီးဇင်ယော်နှင့် နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအခြေစိုက် အမှတ် ၁၂၁ ခြေလျင်တပ်ရင်းမှတဆင့် ရွှေကူမြို့နယ်ဘက်သို့ အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများ ယနေ့အထိ ပြင်းထန်နေဆဲ ဖြစ်သည်။
ယင်းစစ်ကြောင်းများအနက် တပ်မှူး ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် ကိုယ်တိုင်ပါဝင်သည့် စစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် အပါအဝင် အင်အား အနည်းငယ်သာ ကျန်ရှိတော့သည့်အထိ အထိနာခဲ့ကြောင်း၊ ဗိုလ်မှူးကြီး သူရ၀ဏ္ဏလှိုင်မှာလည်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိထားသော ဗိုလ်မှူးကြီး သူရ၀ဏ္ဏလှိုင်က ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ထံသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ် လွှတ်ပေးရန် အကူအညီတောင်းခံခဲ့သော်လည်း ငြင်း ဆန်ပြီး ဆက်လက်တိုက်ခိုက်ရန် ညွှန်ကြားခဲ့ကြောင်း၊ ထို့ကြောင့် ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင်က ဒုတပ် ချုပ် ကျော်စွာလင်းထံ တိုက်ရိုက်အကူအညီတောင်းခံကာ ရဟတ်ယာဉ်ဖြင့် လာရောက်ကယ်ထုတ်ရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ထို့ကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိထားသော ဗိုလ်မှူးကြီး သူရ၀ဏ္ဏလှိုင်ကို နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် ခေါ်ယူသွားခဲ့ကြောင်း သိရှိရသည်။
နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က “သူတို့အဖွဲ့က အင်အား အနည်းငယ်ပဲ ကျန်တော့လို့ လာကယ်ဖို့ သတင်းပို့တာကို ကစထမှူး နီလင်းအောင်က ဆက်တိုက်ဖို့ ပြောတာ။ ဒါကြောင့် ဒုတပ်ချုပ်ဆီ တိုက်ရိုက်ဆက်သွယ်တော့မှ ရဟတ်ယာဉ်နဲ့ လာခေါ်သွားတာပါ။ ဒဏ်ရာက ပြင်းထန်လို့ အခု နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ တင်ထားရတယ်” ဟု ပြောကြားသည်။
CDM ဗိုလ်ကြီးဇင်ယော်ကလည်း မဘိမ်းတိုက်ပွဲတွင် ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် ဒဏ်ရာရရှိခဲ့မှုကို အတည်ပြုပြောဆိုသည်။
“သူက မင်းအောင်လှိုင်၊ ကျော်စွာလင်း၊ ညှိ/ကွပ် ကိုကိုဦးတို့နဲ့ အတော်လေး ပိုင်တယ်။ မွန်ပြည်နယ် အနန်းကွင်းတိုက်ပွဲမှာ သူရဘွဲ့ရခဲ့ပြီး ဗန်းမော်ကိုသာ အရောက် တက်နိုင်ရင် တိုင်းမှူးတစ်နေရာ ရမှာမို့လို့ ကြိုးစားအားထည့်နေတာ။ ဒီလို ရင်းနှီးတဲ့ အနေအထားမျိုး မို့လို့သာ ရဟတ်ယာဉ်နဲ့ ဆင်းပြီး အထူးတလည် ကယ်ထုတ်တာ ဖြစ်တယ်။”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ဆင်း ဖြစ်ပြီး ၂၀၂၃ မှ ၂၀၂၅ အထိ ရတခ စစ်ဗျူဟာမှူးအဖြစ် လည်းကောင်း၊ လပခ တွင် စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် လည်းကောင်း ထမ်းဆောင်ခဲ့သည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းစခန်းတွင် စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ တော်လှန်ရေး ပူးပေါင်းတပ်များဖြစ်သော KNU၊ NMSP(AD) နှင့် PDF ပူး ပေါင်းတပ်ဖွဲ့များ၏ အပြင်းအထန် တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်ဟုဆိုကာ မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် “သူရဘွဲ့” ပေးအပ်ခဲ့ခြင်း ဖြစ်သည်။




