ရန်ကုန်၊ ဇွန် ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကော့ဘိန်းကျေးရွာ အမှတ် ၄ လမ်း ဇရပ်အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း စစ်သား ၄ ဦး ကျည် ထိမှန်ကာ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဘယ်အဖွဲ့က ဝင်ပစ်တယ်ဆိုတာကတော့ မသိသေးဘူး။ ဇရပ်မှာ စစ်ခွေးတွေရှိနေတဲ့ အချိန် ဝင်ပစ်တာ ခွေး ၄ ကောင်ထိတယ်။ ၂ ကောင်ကတော့ ပွဲချင်းပြီးသေပြီး ၂ ကောင် ဒဏ်ရာရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထားဝယ်မြို့မှ ကမြောကင်းတံတားကို ဖြတ်၍ အင်အား ၁ဝဝ ဝန်းကျင်ပါ စစ်ကြောင်းသည် လောင်းလုံးမြို့ကို စစ်ကြောင်းထိုးလာစဉ် လမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် ဂေါ့အင်းရွာရှိနေအိမ်များအတွင်း တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ မေလ ၃၀ ရက်နေ့တွင် ကဒက်ကြီးရွာအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရှိရသည်။
ဇွန်လ ၃ ရက်နေ့တွင် စစ်ပြဲရွာအတွင်း တပ်စွဲထားသော စစ်တပ်နှင့် မွန်းလွဲ ၂ နာရီမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲသည် ညနေ ၆ နာရီ ၃၀ မိနစ်အထိဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ တော်လှန်ရေးရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၄ ရက်နေ့တွင် ကမြောကင်းတံတားဘက်မှ ဆင်းလာသည့် စစ်တပ် စစ်ကြောင်းကို လမ်းပိုင်းတနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး အထိနာကာပြန်ဆုတ်သွားကြောင်း၊ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Longlone People Defence Force) နှင့် လောင်းလုံးမြို့နယ်အတွင်းရှိတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင်လည်း အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန် ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် အုတ်ဖိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတူး သည် ၎င်းနေအိမ်၌ ရှိနေစဉ် အမည်မသိ လူ ၃ ဦးက ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို သေနတ်ထောက်ခေါ်ဆောင်သွားကာ လမ်းမပေါ်တွင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အုတ်ဖိုရွာ အုပ်ကြီးက နေအိမ်အပြင် ခေါ်ထုတ်ပြီး သတ်ခံရတာ တော်လှန်ရေးအဖွဲ့က လုပ်တာလား။ မကျေနပ်လို့ ဝင်လုပ်တာလားဆိုတာတော့ မသိသေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပါပဲ။ သေဆုံးတဲ့ ဖြစ်စဉ်ကတော့ အတည်ပြုလို့ရပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။





