26.6 C
Yangon

ရွှေဂုံတိုင် NLD ရုံးချုပ်ရှိ ပါတီတံဆိပ်နှင့် ဆိုင်းဘုတ် ဖြုတ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ် ခြံအမှတ် ၅၄ ကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး ခြံထိပ်ရှိဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ဖယ်ရှားသွား

Must read

ရန်ကုန်၊ ဇွန် ၁၆

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်မှ ဆိုင်းဘုတ်နှင့် အလံများ ဖြုတ်ချခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံအမှတ် ၅၄ ကိုပါ စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းအဖွဲ့များက ဧည့်စာရင်းစစ်ဆေးရန် အကြောင်း ပြ၍ ဝင်ရောက်ကာ ခြံရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူဆိုင်းဘုတ်နှင့် ရဲကင်းအဆောင်တို့ကို ဖျက်သိမ်းဖယ်ရှားသွားကြောင်း NLD ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ NLD ပါတီရုံးချုပ်တွင် ချိတ်ဆွဲထားသည့် ပါတီဆိုင်းဘုတ်နှင့် အလံများ အဖြုတ်ခံထားရသည်ကို NLD ပါတီဝင်များက စတင်တွေ့ရှိခဲ့ကြသည်။

အဆိုပါ ဆိုင်းဘုတ်နှင့် အလံများကို မည်သူများက လာရောက်ဖြုတ်ချသွားသည်ကို သီးခြားအတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီဘက်က လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ယူဆနေကြသည်။

ထိုသို့ NLD ရုံးချုပ် ဆိုင်းဘုတ် အဖြုတ်ခံရပြီးနောက် ဇွန်လ ၁၄ ရက် ယမန်နေ့ ည ၁၁ နာရီခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဗဟန်းရဲစခန်းမှူးနှင့် လူဝင်မှုကြီးကြပ်ရေး (လဝက) မြို့နယ်မှူးတို့ ဦးဆောင်သော အင်အား ၇ ဦးခန့်ရှိသည့် ဌာနဆိုင်ရာအဖွဲ့စုံ ရောက်ရှိလာပြီး သန်းခေါင်စာရင်းနှင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးကာ ခြံအတွင်းရှိ လူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ အာဏာပိုင်အဖွဲ့စုံက နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးနေပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံတံခါးဝတွင် ချိတ်ဆွဲထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံဆိုင်းဘုတ်ကို အသိပေးခြင်းမရှိဘဲ အတင်းအကျပ် ဖြုတ်ချသွားခဲ့ကြောင်း သိရှိရသည်။

“ဇွန်လ ၁၂ ရက်နေ့ညပိုင်း ရွှေဂုံတိုင် NLD ရုံးချုပ်ကလည်း စစ်တပ်နဲ့ရဲတွေက လုပ်တယ်လို့ယူဆလို့ရတယ်။ နောက်ပြီး ဇွန်လ ၁၄ ရက်နေ့ ည ၁၁ နာရီ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်​ေ၅၄ နေအိမ်ကို ဗဟန်းရဲစခန်းမှူး၊ လဝကမြို့နယ်မှူးဦးဆောင်တဲ့ အဖွဲ့စုံ သန်းခေါင်စာရင်းဝင်စစ်ပြီး ခြံရှိလူများကို စစ်ဆပေါတယ်။ ခြံတံခါးဝမှာ ချိတ်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းပုံ ဆိုင်းဘုတ်ကို အသိမပေးပဲဖြုတ်ချသွားခဲ့ပြီး အပြင်က ရဲကင်းအဆောင်ပါ ဖြုတ်သိမ်းသွားတယ်။ အဲဒါကတော့ ဧည့်စာရင်းစစ်တဲ့အချိန်မှာ သူတို့ လုပ်ဆောင်သွားတာပါ” ဟု NLD ပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က အဆိုပါ ဖြစ်စဉ် ၂ ခုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု NLD ပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မှတ်ချက်ပြု ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article