ရန်ကုန်၊ ဇွန် ၁၆
အကြမ်းဖက်စစ်တပ်၏ စောင့်ကြည့်ဖိနှိပ်မှုများကြားမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အကြို အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်မြို့၏ အထင်ကရနေရာများနှင့် လမ်းမများတွင် စတင်စီးကူးဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ပေါ်တွင် စစ်အုပ်စုက အကြောက်တရားဖြင့် တားမြစ်ပိတ်ပင်ထားသည့် နှင်းဆီပန်းများကို မြင်တွေ့နိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များကို တန်ပြန်ပံ့ပိုးပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မည့် “နိုင်ငံတကာလှုပ်ရှားမှု – ROSE Movement: Roses of Hope” သို့မဟုတ် နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် တစ်ခဲနက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ လှုပ်ရှားမှုကြီးသည် ၂၀၂၆ ခုနှစ်၏ ပထမဦးဆုံးသော နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးဖြစ်ပြီး အွန်လိုင်းနှင့် မြေပြင်အပြင် မိမိဒေသနှင့် ရန်သူ့ဒေသပါမကျန် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကာ မဏ္ဍိုင်လှုပ်ရှားမှုကို “Proof of Life” ကမ်ပိန်းနှင့်လည်း အတူပူးတွဲ၍ လှုပ်ရှားစည်းရုံးသွားမည်ဖြစ်သည်။
ယခုလှုပ်ရှားမှု၏ ကြွေးကြော်သံအဖြစ် “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟု သတ်မှတ်ထားပြီး ပြည်သူလူထုအနေဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် မိမိတို့ သက်ဆိုင်ရာဒေသ၏ လုံခြုံရေးအခြေအနေများအရ အောက်ပါနည်းလမ်းများဖြင့် ပါဝင်လှုပ်ရှားနိုင်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ဘုရားတင်/ပန်ဆင်ခြင်း – နှင်းဆီပန်း (သို့မဟုတ်) လက်လှမ်းမီရာ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်းဆင်ခြင်းနှင့် အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ရန်၊ Online ကမ်ပိန်းလုပ်ခြင်း၊ မိမိတို့ ပန်ဆင် သို့မဟုတ် ကိုင်ဆောင်ထားသည့် ပန်းဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာ (Social Media) ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ရန်တို့ လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။
လွတ်မြောက်နယ်မြေများရှိ မြေပြင်လှုပ်ရှားမှုအဖြစ် မြေပြင်လူထုသပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဆန္ဒပြပါဝင်နိုင်သည်ဟု သိရှိရသည်။
ယင်းလှုပ်ရှားမှုမှတစ်ဆင့် လူထုခေါင်းဆောင် အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ အဓမ္မစစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းရန်နှင့် မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုဖော်ပြရန်ဟူသော လူထု၏ ကြေညာချက် ၃ ရပ်ကို လူထုအသံအဖြစ် ဖော်ထုတ်ပြသသွားမည် ဖြစ်သည်။






