ရန်ကုန်၊ ဇွန် ၁၆
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၅ ဦး အပါအဝင် နိုင်ငံခြားသား ၃၂ ဦး ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့များက တရားမဝင် နိုင်ငံခြားသားလုပ်သမားများ အလုပ်လုပ်ကိုင်နေသော နေရာများကို စစ်ဆေးရေးခဲ့ရာ ရယောင်းခရိုင်၊ ပလောက်ဒန်းမြို့နယ် (Pluak Daeng)၊ မာ့ပ်ယန်းဖွန်းကျေးရွာ (Mabyangphon)ရှိ Joy Tech ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးရာတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်နှင့် အထောက်ထားတစ်စုံတစ်ရာမရှိဘဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၅ ဦး အပါအဝင် ကမ္ဘောဒီးယားနိုင်ငံသား ၄ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် အခြားနိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၃၁ ဦးတို့ကို စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဆိုင်ကယ်ဖြင့် ရေခဲမုန့် လှည့်လည်ရောင်းချနေသော အိန္ဒိယနိုင်ငံသား အမျိုးသား ၁ ဦးကိုပါ စစ်ဆေးခဲ့ရာ အလုပ်လုပ်ကိုင်ခွင့် ဝက်ပါမစ် မရှိဘဲ ဈေးရောင်းနေ၍ ထပ်မံဖမ်းဆီးခဲ့သည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော တရားမဝင် မြန်မာအလုပ်သမား ၂၅ ဦး အပါအဝင် ၃၂ ဦးလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်နှင်ထုတ်နိုင်ရန် ပလောက်ဒန်းခရိုင် ရဲစခန်းသို့ လွှဲပြောင်းဖမ်းဆီးထားပြီး တရားမဝင် နိုင်ငံခြားသားများကို ဝက်ပါမစ်မရှိဘဲ အလုပ်ခန့်အပ်ထားသည့် အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကိုလည်း ဥပဒေအရ တရားစွဲဆို အရေးယူထားသည်။
အလားတူ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဘန်ကောက်မြို့အတွင်းရှိ စာသင် ကျောင်းနှင့် ပညာရေးနှင့်သက်ဆိုင်ရာနေရာများကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးခဲ့ပြီး ထိုသို့ ရှာဖွေစစ်ဆေးရာတွင် ကျောင်းသားဗီဇာဖြင့် နေထိုင်ကာ ကျောင်းတက်ရက်မှတ်တမ်းမရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၇ ဦးကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့သည်။
ထို့ပြင် အဆိုပါ မြန်မာနိုင်ငံသား ၇ ဦးကို ကျောင်းသားဗီဇာရရှိရန်နှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် ကူညီပြုလုပ်ပေးသည့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသား အကျိုးဆောင်ပွဲစားများကိုလည်း စစ်ဆေးပေါ်ပေါက်ခဲ့ကာ ဆက်လက်အရေးယူထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဗီဇာအလွဲသုံးစားလုပ်သူ ၄၀ ကျော်ကို ဖမ်းဆီးကာ ဗီဇာပယ်ဖျက်ခဲ့ပြီးဖြစ်သည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၇ ဦး၏ ကျောင်းသားဗီဇာကို ပယ် ဖျက်လိုက်ပြီ ဖြစ်ပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်မှုများပြုလုပ်ပြီးပါက မြန်မာ နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးကာ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ဗီဇာအတု လုပ်ပေးသည့် ကျောင်းများနှင့် ပွဲစားကွန်ရက်များကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ထိုင်းအာဏာပိုင်များက စစ်ဆေးဖော်ထုတ်ပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။






