25.7 C
Yangon

မြန်မာစစ်တပ်က မြောက်ကိုရီးယား၏ အကူအညီဖြင့် ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တည်ဆောက်နေဟု Military Watch Magazine က သတင်းဖော်ပြ

Must read

ရန်ကုန်၊ ဇွန် ၁၇

မြန်မာစစ်တပ်က မြောက်ကိုရီးယား၏ အကူအညီဖြင့် ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရေငုပ် သင်္ဘော တည်ဆောက်နေသည်ဟု ဂြိုလ်တုဓာတ်ပုံများအရ သိရှိရကြောင်း Military Watch Magazine က သတင်းဖော်ပြသည်။

မြောက်ကိုရီးယား၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံက ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောကို တည်ဆောက်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရကြောင်း၊ မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ပင် ကိုယ်တိုင်တည် ဆောက်နေသည့် ရေငုပ်သင်္ဘောတစ်စီး၏ ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီး၊ အဆိုပါ ရေငုပ်သင်္ဘောသည် အလျား ၄၀ မီတာခန့် ရှိကာ မြောက်ကိုရီးယား၏ ‘ဆန်းအို’ (Sang-O) အမျိုးအစား ရေငုပ်သင်္ဘောပုံစံကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်ဘက်ဆိုင်ရာ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းရှိခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားထံမှ လက်နက်ခဲယမ်းများကို အကြိမ်ကြိမ် ဝယ်ယူခဲ့ဖူးသည်။

မြောက်ကိုရီးယားက ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက အီရန်နိုင်ငံသို့ တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ တင်ပို့ခဲ့ဖူးသလို၊ အခြားသော ဖောက်သည်နိုင်ငံများထံသို့လည်း ၎င်းတို့၏ ရေငုပ်သင်္ဘောနည်းပညာများကို ပေးအပ်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။

မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောထုတ်လုပ်ရေးလုပ်ငန်းသည် ဆိုဗီယက်ဒီဇိုင်း ‘ရိုမီယို’ (Romeo) အမျိုး အစား ရေငုပ်သင်္ဘောများကို ပြည်တွင်း၌ စတင်တပ်ဆင်ရာမှ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါတွင် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်မြင့်သင်္ဘောများကိုပါ ထုတ် လုပ်နိုင်ခဲ့ကာ လက်ရှိတွင် ‘ဆန်းအို’ အမျိုးအစား ရေငုပ်သင်္ဘောများသည် မြောက်ကိုရီးယားရေတပ်၏ အဓိကကျောရိုး ဖြစ်လာခဲ့သည်။

‘ဆန်းအို’ အမျိုးအစား ရေငုပ်သင်္ဘောများသည် ကမ်းရိုးတန်းနှင့် ကမ်းနီးရေတိမ်ပိုင်း (Littoral waters) လှုပ်ရှားမှုများအတွက် အထူးလျော်ညီအောင် မွမ်းမံထားခြင်းဖြစ်ပြီး၊ ကြီးမားသော ရေတပ်အင်အားစုကြီးများကို တန်ပြန်တိုက်ခိုက်ရာတွင် အလွန်ထိရောက်မှုရှိစေသည်။

အဆိုပါ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောအသေးစားများသည် ကွန်ပျူတာဖြင့် စမ်းသပ်တိုက်ခိုက်မှု (Simulated engagements) များအတွင်း အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောများနှင့် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများကိုပင် နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့် အထူးကောင်းမွန်သော ရလဒ်များရှိခဲ့သဖြင့် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိသည့် စစ်ရေးအသာစီးရယူနိုင်သော (Asymmetric) လက်နက်များအဖြစ် အဆင့်သတ်မှတ်ခံထားရသည်။

ယင်းရေငုပ်သင်္ဘောများသည် ကျဉ်းမြောင်းသော ရေလမ်းကြောင်းများတွင် ရေမိုင်းများ ထောင်နိုင်ခြင်းနှင့် တော်ပီဒိုအမျိုးမျိုးကို ပစ်ခတ်နိုင်ခြင်းတို့ လုပ်ဆောင်နိုင်သည်။ ထို့ပြင် မြောက်ကိုရီးယား၏ နောက်ဆုံးပေါ် ရေငုပ်သင်္ဘောဒီဇိုင်းများတွင် ခရုဇ်ဒုံးကျည်များ (Cruise missiles) ပစ်ခတ်နိုင်သည့် ဒေါင်လိုက်ပစ်လွှတ်စနစ်များ (Vertical launch cells) ကို ထည့်သွင်းလာခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆောက်နေသည့် ရေငုပ်သင်္ဘော၌လည်း အဆိုပါစနစ်ကို ပေါင်းစပ်ထည့်သွင်းလာနိုင်ခြေ ရှိနေသည်ဟု သတင်းကဆိုသည်။

မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောလုပ်ငန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားသည့် ၎င်းတို့၏ ပထမဆုံးသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော၏ ကိုယ် ထည်ကိုပင် တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။

မြောက်ကိုရီးယား၏ ‘ဆန်းအို’ အမျိုးအစား ရေငုပ်သင်္ဘောများသည် ကမ်းရိုးတန်းကာ ကွယ်ရေး၊ အထူးစစ်ဆင်ရေးများနှင့် ရန်သူ့နယ်မြေအတွင်း လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ခြင်း (Infiltration) မစ်ရှင်များကို လုပ်ဆောင်နိုင်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

ရေငုပ်လျှင် ရေအလေးချိန် တန်ချိန် ၃၇၀ ခန့်သာ ရှိသဖြင့် သာမန်တိုက်ခိုက်ရေးရေငုပ် သင်္ဘောများထက် သိသိသာသာ သေးငယ်ကာ ရေတိမ်ပိုင်းများတွင် ထိရောက်စွာ လှုပ်ရှားနိုင်သည်။ ၎င်း၏ ကျစ်လျစ်သော အရွယ်အစားကြောင့် ကမ်းရိုးတန်းများသို့ မရိပ်မိအောင် ချဉ်းကပ်နိုင်ပြီး ရန်သူ့နောက်ကျောဘက်သို့ အထူးကွန်မန်ဒိုတပ်ဖွဲ့များကို စေလွှတ်နိုင် သည်။

အဆိုပါ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ်များသည် လက်ရှိ မြန်မာ့ရေတပ်တွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံထုတ် အမျိုးအစား ‘Type-035’ တိုက်ခိုက်ရေးရေငုပ် သင်္ဘောများ၏ စွမ်းဆောင် ရည်ကို ပိုမိုပြည့်စုံကောင်းမွန်အောင် အားဖြည့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

မြန်မာစစ်တပ်တွင် တရားဝင် ရေငုပ်သင်္ဘော ၂ စီးရှိပြီး အိန္ဒိယနိုင်ငံမှ ဝယ်ယူခဲ့ပြီး ရုရှားလုပ် ကီလိုအမျိုးအစား (Kilo-Class) မင်းရဲသိင်္ခသူ (Minye Theinkhathu) ရေငုပ်သင်္ဘောနှင့် တရုတ်နိုင်ငံထုတ် မင်အမျိုးအစား (Ming-Class / Type 035B) မင်းရဲကျော်ထင် (Minye Kyaw Htin) ရေငုပ်သင်္ဘော တို့ဖြစ်သည်။

ဓာတ်ပုံ- မြန်မာစစ်တပ်၏ ရေငုပ်သင်္ဘောနှင့် မြောက်ကိုရီးယား၏ ‘ဆန်းအို’ (Sang-O) အမျိုးအစား ရေငုပ်သင်္ဘော။

( Military Watch Magazine က ဇွန်လ ၁၆ ရက်နေ့ ဖော်ပြထားသော Satellite Footage Confirms Myanmar Building Its First Attack Submarine with North Korean Support ကို ဘာသာပြန်ဆိုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article