ရန်ကုန်၊ ဇွန် ၁၇
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ရခိုင်စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူ စာရေးဆရာ ဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်၊ တံတားဦးလေတပ်နှင့် နေပြည်တော်လေတပ်တို့မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးသည် ကျောက်တော်မြို့ပေါ်ရှိ ပြည်သူများ နေထိုင်ရာ ရပ်ကွက်များနှင့် ကစ္ဆပနဒီ မြစ်အရှေ့ဘက်ခြမ်းရှိ နေရာ ၉ ခုထက်မနည်းကို ဗုံး ၁၄ လုံးခန့် ဖြင့် ၁ နာရီနီးပါးကြာ ဆက်တိုက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်အတွင်းရှိ ယာယီဈေး၊ လမ်းမတော်ရပ်ကွက် နှင့် ဆီကွင်းဟောင်း အပါအဝင် ကစ္ဆပနဒီမြစ်အရှေ့ဘက်ခြမ်းရှိ နေရာ ၉ ခုတွင် ဗုံးများကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ကာ ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရကာ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်လောက်ကစပြီး စစ်ကောင်စီက လေယာဉ် ၃ စီးနဲ့ လာပြီး ဗုံးတွေ ဆက်တိုက်ချသွားတာ။ ၁ နာရီလောက်ကြာတယ် လာကျဲတာ ဗုံးအလုံးရေ ၁၄ လုံးလောက်ရှိတယ်။ ကလေး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးတယ်လို့ ကနီးသိထားရတာရှိတယ်။ အသေနှုန်းကထိုးလာတော့ ၁၂ ဦးခန့်ရှိမယ်လို့ တွက်ဆရတယ်။ ကစ္ဆပနဒီမြစ်ရဲ့အနောက်ဘက်ခြမ်း ကျောက်တော်ဘက်မှာကျတော့ ၅ ဦးလောက်ရှိပြီးတော့ ကစ္ဆပနဒီမြစ်ရဲ့ အရှေ့ဘက်ခြမ်း နောက်ထပ် ၇ ဦးထပ်တိုးလာတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေက လက်တလော ကျနော်တို့ စာရင်းရတာ ၄ ယောက်လောက်ပဲ ရှိသေးတယ်။ ၄ ဦးကျော် အထက်မှာရှနိုင်တယ်။ ဗုံးကျဲသွားတဲ့နေရာက တော်တော်များတယ်။ နေရာက တစ်နေရာနဲ့ တစ်နေရာက တော်တော်လှမ်းတော့ ဒဏ်ရာရတဲ့ သေဆုံးထပ်တိုးတာတွေ ဆက်ပြီးအတည်ပြုနေဆဲပါ” ဟု ရ ရခိုင်စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူ စာရေးဆရာ ဝေဟင်အောင်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျောက်တော်မြို့နယ်အပါအဝင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် ပြည်သူများနေထိုင်ရာ မြို့ရွာများများကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ် လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ဗုံးကျဲပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။






